Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစ်ကြီးနားမြို့ပေါ်ရှိ သမဝါယမအသင်း လီမိတက်ပိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ်အတွင်းရှိ ဝန်ကြီးဌာနအောက်ဌာနဆိုင်ရာ အရာထမ်းများနှင့် ဆွတ်ဂျာအိန်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားလုပ်ငန်း ဆောင်ရွက်သူများက အကူအညီတောင်းခံလာပါက တတ်နိုင်သမျှပေါင်းစပ်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြားသည်။

သွားရောက်ကြည့်ရှု

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ “စူပါဝမ်း နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရမ်ပူရပ်ကွက်ရှိ “ဂျိန်းဖောသူ စက်မှုလက်မှုရက်ကန်းကုန်ထုတ် သမဝါယမအသင်း၌ ကချင်ရိုးရာအဝတ်အထည်များအား စက်ရက်ကန်း၊ လက်ရက်ကန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး ဈေးကွက်ရရှိမှု အခြေအနေများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲနှင့်လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်