နေပြည်တော် ဇန်နဝါရီ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင် မွေးမြူရေးဇုန် (၃) ရှိ SUNJIN Myanmar Co.,Ltd. ၏ အအေးခန်းမွေးမြူရေးစနစ် (Cooling System) မျိုး ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုရာ ခြံတာဝန်ခံက မွေးမြူရေးခြံအတွင်း မျိုးဝက်မ အကောင် ၁၂၀၀၊ မျိုးဝက်သိုး အကောင် ၂၀ မွေးမြူထားရှိမှုနှင့် တစ်နှစ်လျှင် သားပေါက်ကောင်ရေ ၃၀၀၀၀ ကျော် ရောင်းတမ်းဝင်အဖြစ် ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
လိုအပ်သည်များ ဆွေးနွေးမှာကြား
ထို့နောက် မွေးမြူရေးလုပ်ငန်းရှင် ဦးလီဟိုက်ချိန်၏ ဥစားကြက်မွေးမြူရေးခြံ ရှစ်ခြံတွင် ဥစားကြက်ကောင်ရေ တစ်သိန်းကို အအေးပေးအလုံပိတ်စနစ် အစာကျွေးမှုစနစ် (Evaporative Cooling System) ဖြင့် မွေးမြူထားရှိမှုနှင့် တစ်နှစ်လျှင် ကြက်ဥ ၂၉ သန်းကျော် ဖြန့်ဖြူးပေးနေမှုအခြေအနေများကိုလည်းကောင်း၊ မှော်ဘီမြို့နယ် ညောင်ကုန်းကျေးရွာ FeedMAS Livestock Co., Ltd. ၏ ဥစားကြက် မွေးမြူရေးခြံ (ဝါးနက်ချောင်း) တွင် အအေးပေး အလုံပိတ်စနစ် (Evaporative Cooling System)ဖြင့် LOHMANN BROWNY ဥစားကြက်ကောင်ရေ ၈၆၈၉၃ ကောင် မွေးမြူနေမှုနှင့် တစ်နှစ် လျှင် ကြက်ဥ ၁၂ ဒသမ ၆ သန်း ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဆွေးနွေး မှာကြားသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန် အုပ်ချုပ်မှုရုံး၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန် လိုအပ်နေမှု၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန် မွေးမြူရေးကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ မွေးမြူရေးတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်