Skip to main content

ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၀၀၀ နီးပါး ဖန်တီးပေးနိုင်မည့် လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးက ခွင့်ပြု

နေပြည်တော် စက်တင်ဘာ ၂၉

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များတက် ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၄) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ အိမ်ရာ အဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇) ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၃၄၇ ဒသမ ၈၅) သန်းနှင့် ငွေကျပ် (၂၃,၄၁၁ ဒသမ ၂၅၅) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄,၉၁၅) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ နိုင်ငံ/ဒေသပေါင်း (၅၁) ခုမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ် ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၃၂ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၂၃ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၃၁ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

 

(သတင်းစဉ်)