နေပြည်တော် စက်တင်ဘာ ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ကလေးပြုစုရေး ဌာနများနှင့် ဝန်ကြီးဌာန အသိအမှတ်ပြု ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန် ငွေကျပ်သိန်း (၁၀၀) တန်ဖိုးရှိ ကျန်းမာရေး အကာအကွယ်သုံး ပစ္စည်းများကို ဗိုလ်ချုပ် မောင်မောင်ဆွေ (ငြိမ်း) နှင့်ဇနီး ဗိုလ်ကြီး ဒေါ်တင်တင်နွဲ့ (ငြိမ်း) မိသားစုတို့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လက်ခံရယူ သည်။
အလှူရှင် ဗိုလ်ချုပ် မောင်မောင်ဆွေ (ငြိမ်း) က ကိုယ်ခံအားနည်းပါးကြသည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ပြုစုစောင့်ရှောက် နေကြသူများအတွက် ကိုဗစ်-၁၉ ကာလအတွင်း အရည်အသွေး ပြည့်ဝသော ကျန်းမာရေးသုံး အကာအကွယ် ပစ္စည်းများ အလုံအလောက်ရရှိရန် ရည်ရွယ်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ယခုကဲ့သို့ ကိုဗစ်-၁၉ ပျံ့ပျံ့နှံ့နှံ့ ဖြစ်ပွား နေချိန်၌ ဤဌာနများတွင် ပြုစုစောင့်ရှောက်ခံရသူများနှင့် ပြုစုစောင့်ရှောက်သူများအားလုံး တစ်ဦးချင်း အတွက် လုံခြုံစိတ်ချရရေးသည် အရေးကြီးပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအတွက် အသိ၊ သတိဖြင့် တာဝန်ယူဆောင်ရွက်နေကြရာ လိုအပ်ချက်များစွာရှိပါကြောင်း၊ ယခုကဲ့သို့ လိုအပ်မှုများပြားချိန်တွင် ပြည်သူများက ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းကို တာဝန်ရှိ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)