နေပြည်တော် စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ ယမန်နေ့နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ညှိနှိုင်းဆွေးနွေးသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်နေမှုများနှင့် ဆက်လက်၍ အထူးဆောင်ရွက်ပေးနိုင်မည့် ကိစ္စများကို ညှိနှိုင်းဆွေးနွေးမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ စတင်ဖြစ်ပွားစဉ်ကတည်းက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန အားလုံးသည် နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် အင်တိုက်၊ အားတိုက်ပါဝင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ဒုတိယလှိုင်း ဖြစ်ပွားချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားလျက်ရှိရာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် မိမိတို့၏ မူလတာဝန်များနှင့် ဆက်စပ်၍ မည်ကဲ့သို့ ပိုမိုကူညီဆောင်ရွက်ပေးနိုင်မည်ကို ဆွေးနွေးလိုပါကြောင်း၊ ကိုဗစ်-၁၉ အရေးသည် အဓိက ကျန်းမာရေး ကပ်ရောဂါ ဘေးပြဿနာဟု ဆိုသော်လည်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်သည်ကို အားလုံး သိရှိပြီးဖြစ်ကြောင်း။
ထို့ကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စများနှင့် အထူးဆက်စပ် လျက်ရှိကြောင်း၊ ကြီးမားသော ကပ်ဘေးအန္တရာယ် ကျရောက်နေခြင်း ဖြစ်သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအနေဖြင့် ကမ္ဘာ့နိုင်ငံ များတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို လေ့လာပြီး မိမိတို့ ပုံမှန်ဆောင်ရွက်နေကျ လုပ်ငန်းများအပြင် ထပ်မံအားဖြည့် ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ကြရန် ဖြစ်ပါကြောင်း၊ ရရှိလာသည့် နည်းလမ်းများကို အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ကူးစက်ပျံ့နှံ့မှု နှင့်ပတ်သက်၍ တစ်ဦးချင်း ကျန်းမာရေးအသိ ရရှိစေရန်အတွက် အကြိမ်ကြိမ် အသိပညာပေးခြင်း၊ လိုအပ်သော ရောဂါကာကွယ်ရေး ပစ္စည်းများ ပံ့ပိုးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကန့်သတ်မှုများ တင်းကြပ်စွာ ဆောင်ရွက်နေပြီဖြစ်ရာ ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများအား သင်တန်းများပေး ခြင်း၊ ပံ့ပိုးကူညီခြင်း၊ စိတ်ဓါတ်မြင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကုသရေးနှင့် ပတ်သက်၍ ယခင်က ရောဂါကူးစက်ခံရသူများအား တိုင်းဒေသကြီးဆေးရုံကြီးများတွင် ကုသပေးရာမှ ယခုအခါ ခရိုင်၊ မြို့နယ်ဆေးရုံးများပါ ကုသူမှု ပေးရန် ပြောင်းလဲဆောင်ရွက်နေကြပြီဖြစ်ကြောင်း။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအနေဖြင့် ဆေးရုံများတွင် ကုသမှုခံယူနေကြသည့် ပြည်သူများကို သဘာဝဘေးအန္တရာယ်ကြောင့် ကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိနေသကဲ့သို့ သဘောထားပြီး ပံ့ပိုးကူညီမှုများ ပေးနိုင်ရေး စဉ်းစားပေးရမည်ဖြစ်ကြောင်း၊ တုံ့ပြန်ရေး လုပ်ငန်းများမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ဆောင်ရွက်နေသည်များ ရှိပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောင်းလဲဆောင်ရွက်မှုများအရ မိမိတို့ဝန်ကြီး ဌာနကလည်း မည်သည့်နည်းလမ်းဖြင့် ပါဝင်အားဖြည့်ဆောင်ရွက်နိုင်မည်ကို ဆွေးနွေး ပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း ဦးစီးဌာနများအနေဖြင့် မိမိတို့၏ ချမှတ်ထားသော မဟာဗျူဟာများအရ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများ၊ ညွှန်ကြားချက် များကို အသိနှင့်သတိ မလွတ်စေဘဲ လိုက်နာဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လက်ရှိလုပ်ငန်းများအပြင် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များ၌ မည်သည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက လူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့များ၊ ဘေးအန္တရာယ် ဆိုင်ရာ ကူညီ ထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေး ထောက်ပံ့မှုများ စသည့် ကဏ္ဍအလိုက် ထောက်ပံ့မှု များ၌ ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီနိုင်မည့် ကိစ္စများ၊ လက်ရှိ ပါဝင်ဆောင်ရွက်မှုနှင့် ထောက်ပံ့မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးရှိ ဦးစီးဌာနညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်း ကျောင်းများ၊ ဂေဟာများရှိ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ဌာနအလိုက်၊ သင်တန်းကျောင်းများအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်မည့် ကိစ္စများကို တင်ပြကြရာ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)