ကော့သောင်း၊ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က အပူတိုင်းမုန်တိုင်း(နိုလ်)ကြောင့် ကော့သောင်းမြို့နယ်အတွင်း သဘာဝဘေးသင့်မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ၊ လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာနံနက်ပိုင်းတွင်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံး ခဲ့ရသည့် စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ကံပုံမာတမ်းကျေးရွာရှိ အိမ်ထောင်စု(၂၁)စု ၊ ချမ်းဖန်းကျေးရွာအုပ်စု၊ ချန်းဖန်းကျေးရွာမှ အိမ်ထောင်စု(၂၇)စု အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သည့် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများအား သဘာဝဘေးသင့်မိသားစုများသို့ ထောက်ပံ့ပေးအပ်ပြီး သဘာဝဘေးကြောင့် ပျက်စီးခဲ့သော လမ်းများနှင့် နေအိမ်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် သီရိမြိုင်ရပ်ကွက်၊မြို့ဦး ဆုတောင်းပြည့်စေတီတော်ရင်ပြင်တော်အားကြည့်ရှုစစ်ဆေးကာ စေတီတော်ဂေါပက အဖွဲ့သို့မွန်းမံပြင်ဆင်နိုင်ရေးအလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး ပုလုံးတုံတုံးကျေးရွာအုပ်စု ၊ ရွာသာယာကျေးရွာရှိ သဘာဝဘေးအန္တရာယ်ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် နေအိမ်(၁၈)လုံး လုံးဝပျက်စီးခဲ့ရသော နေအိမ်(၄)လုံး နှင့် ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက်ရှိ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် နေအိမ်(၁၁)လုံး၊ လုံးဝပျက်စီးခဲ့ရသောနေအိမ်(၃)လုံး တို့ မှ မိသားစုများသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါကျေးရွာများရှိ အိမ်ထောင်စုများမှာ စက်တင်ဘာလ ၁၈ရက်နှင့်၁၉ရက်နေ့များ က ဝင်ရောက်တိုက်ခတ်ခဲ့သည့် သဘာဝဘေးအန္တရာယ် အပူတိုင်းမုန်တိုင်း(နိုလ်)အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်ကာပင်လယ်ဒီရေလှိုင်းများရိုက်ခတ်သဖြင့် ပျက်စီးဆုံးရှုံးမှုများကြုံတွေ ခဲ့ရသည့် အိမ်ထောင်စုများ ဖြစ်ကြောင်းလည်းသိရသည်။
ကျော်စိုး (ကော့သောင်း)