ကော့သောင်း၊ စက်တင်ဘာ၂၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှေ့ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ ဘုရင့်နောင် အငူ ပတ်လမ်း အဆင့်မြှင့်ဆိုင်ခန်းများဆောက်လုပ်မှု လုပ်ငန်းခွင်သို့ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဘဂွမ်က ဈေးဆိုင်ခန်းဆောက်လုပ်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး ဆိုင်ခန်းများတည်ဆောက်ပြီးစီးမှုအခြေအနေအားကြည့်ရှုစစ်ဆေးကာ နယ်စပ်ဒေသဖြစ်၍ မြို့အင်္ဂါရပ်နှင့်အညီ မြန်မာရိုးရာအစားအသောက်များအား သန့်ရှင်းသန့်ပြန့်စွာရောင်းချကြရေး၊ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ညနေပိုင်းတွင်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၀၀၀)ဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ချဉ်းကပ်လမ်း အရှည်၅၀ပေ၊ အကျယ်၂၀ပေ နှင့် ပင်မတံတားအရှည် ၂၀၀ပေ၊ အကျယ် ၅၀ပေရှိ နိုင်ငံခြားတင်ပို့မည့်ရေထွက်ကုန်ပစ္စည်းများ သယ်ယူသည့် ငါးသယ်လှေများ၊ ကမ်းနီးကမ်းဝေးငါးဖမ်းလှေများအား စစ်ဆေးရာတွင်အသုံးပြုမည့် FOB ဆိပ်ခံတံတား ဆောက်လုပ်မှု လုပ်ငန်းခွင်သို့ရောက်ရှိရာ တံတားနှင့်ချဉ်းကပ်လမ်း တည်ဆောက်နေမှု အခြေအနေအားလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်းကရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ တံတားတည်ဆောက်မှု လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးကာလုပ်ငန်းအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့် အညီ ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)