Skip to main content

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၄

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အနော်ရထာခန်းမရှေ့ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ စစ်သမီးများ တက်ရောက်ကြပြီး အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်းတို့ကို စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းပြောကြားသည်။

ထို့နောက် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး အားကစားနည်းများအလိုက် ဆုရရှိသူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စခန်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အလားတူ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားများကို တိုင်းစစ်ဌာနချုပ်များအလိုက် အသီးသီးကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်များတက်ရောက်ကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ကြသည်။

၎င်းအပြင် တိုင်းစစ်ဌာနချုပ်များအလိုက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး အားကစားပြိုင်ပွဲများအလိုက် ဆုရရှိသူများအား တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။