မြစ်ကြီးနား စက်တင်ဘာ ၂၉
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ စနစ်တကျဖြင့် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ပြည်သူများအား မဖြစ်မနေ Mask နှင့် Face Shield များတပ်ဆင်သွားလာမှုအလေ့အကျင့်ဖြစ်ပေါ်စေရေးကို အထူးကြပ်မတ်၍ ထိန်းချုပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စည်ပင်သာယာဈေးများအပါအဝင် ရပ်/ကျေး ဈေးများအားလုံးတွင် ကြပ်မတ်စွာ ထိန်းချုပ်ဆောင်ရွက်ကြရေး၊ ကိုဗစ်-၁၉ ဖြစ်ပွားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက်လာသူများအား ကချင်ပြည်နယ်၏ မြို့အဝင် ဂိတ်များတွင် သေချာစွာကန့်သတ်စိစစ်၍ သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်/ကျေးအုပ်ချုပ်ရေးမှူး အဆင့်ဆင့်က ကြီးကြပ်၍ Quarantine ထားရှိရေး တာဝန်ယူဆောင်ရွက်ရန်လိုကြောင်း၊ ကုန်စည်ဝင်/ထွက် ကားများနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား သတ်မှတ် နေရာတစ်ခုတွင် ရပ်နား၍ ကုန်စည်လွှဲပြောင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရေးနှင့် ဖားကန့် မြို့တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းလာစေရေးအတွက် မြို့အဝင်/ အထွက်များကို စိစစ်ကန့် သတ်ပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းကို အရှိန်အဟန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာ ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ကချင်ပြည်နယ်အတွင်း လက်ရှိအချိန် အထိ ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းအခြေအနေများ၊ မီးရထား၊ ကားများဖြင့် ခရီးသွားအဝင်များကို စိစစ်ကန့်သတ်ရေး၊ ကုန်စည်စီးဆင်းမှု လျော့နည်းကျဆင်းမှု မရှိစေရေး၊ ဖားကန့်နယ်မြေအတွင်း ကြပ်မတ်ထိန်းချုပ်ရေးကိစ္စရပ်များ၊ ဈေးများအတွင်း ပျံကျဈေးနှင့် လူသုံးကုန်အထည်အလိပ် ရောင်းချမှုအား အချိန်ကန့်သတ်ဆောင်ရွက်နိုင်ရေး ထိန်းချုပ်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က မဖြစ်မနေထိန်းချုပ်ကြပ်မတ်ရမည့်ကိစ္စ ဖြစ်သည့်အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်လာမှု အားကောင်းလာစေရေး ဌာနဆိုင်ရာအသီးသီးမှ စိတ်ရှည်ပြီး အပင်ပန်းခံဆောင်ရွက်ကြရန်လိုကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ ယနေ့အချိန်အထိ ယခင်ပိုးတွေ့လူနာ(၂)ဦးအပါအဝင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၁၅)ဦး ရှိနေပြီ ဖြစ်ပြီး မြစ်ကြီးနားမြို့နယ်တွင် (၂)ဦး၊ မိုးညှင်းမြို့နယ်တွင် (၁) ဦး၊ မိုးကောင်းမြို့နယ်တွင် (၂)ဦး၊ ဖားကန့်မြို့နယ်တွင်(၉) ဦး၊ မိုးမောက်မြို့နယ်တွင် (၁)ဦးတို့အနက် ဆေးရုံဆင်းသူ (၇)ဦးထိရှိကြောင်း နှင့် Quarantine ထားသူများထဲမှ အာခေါင်တို့ပတ်နမူနာ(Swab)စစ်ဆေးရန် ပေးပို့ထားသူ (၇၉၇၃)ဦး အနက် စစ်ဆေးပြီး (၇၄၀၉)ဦးတွင် ပိုးမတွေ့ (Negative) (၇၃၉၄)ဦး၊ အဖြေစောင့်ဆိုင်းဆဲ (၅၆၄)ဦး ရှိကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)