နေပြည်တော် ဇန်နဝါရီ ၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၏ စိုက်ခင်းထူးချွန်ဆု၊ သစ်ဖမ်းဆီးရမိမှုထူးချွန်ဆုနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများတွင် ဆုရရှိသောဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနတာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အင်ကြင်းခန်းမတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ခင်း၊ တရားမဝင်သစ်ဖမ်းဆီးရမိမှုနှင့် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ဆုရအသင်းများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
ညနေပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း) ဘွဲ့နှင်းသဘင်ခန်းမဖွင့်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်ခန်းမကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းကျောက်စာကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် အတန်းအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ရန်အောင်မြင်အမျိုးသားဆောင်၌ကျင်းပသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး ကျောင်းသားကျောင်းသူများ၏ အဆို၊ အကနှင့် တေးသရုပ်ဖော်ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်