Skip to main content

အလုပ်သမားဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ကျရောက်မည့် အလုပ်သမားဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၅၁) တွင် ကျင်းပပြုလုပ်သည်။

နံနက်ပိုင်းတွင် ရွှေကုက္ကားကျောင်းတိုက် ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝံသအမှူးပြုသော သံဃာတော် ၁၀ ပါးအား နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဦးစွာဆရာတော်ဘဒ္ဒန္တစန္ဒဝံသထံမှ ငါးပါးသီလခံယူပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို ဝန်ကြီးဌာနစုဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပရခြင်းရည်ရွယ်ချက်မှာ ဝန်ကြီးဌာန၏ ဖြတ်သန်းလျှောက်လှမ်းခဲ့မှုများအပေါ် အမှတ်တရဖြစ်စေပြီး တွေ့ကြုံခဲ့ရသည့်အားနည်းချက်၊ အားသာချက်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့မှုများအားသုံးသပ်၍ ဝမ်းသာပီတိဖြစ်စေရန်၊ (၇၇) နှစ်မြောက်မှသည် နောင်နှစ်ပေါင်းများစွာ အောင်မြင်မှုများစွာဖြင့် ထာဝရရှင်သန်နိုင်စေရန်နှင့် ဝန်ထမ်းများအချင်းချင်း မိသားစုသဖွယ်နွေးထွေးစွာ၊ စည်းစည်းလုံးလုံးဖြင့် အရှိန်အဟုန်မပျက် ခရီးဆက်နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း။

ဝန်ကြီးဌာန၏ မျှော်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် ဦးစီးဌာန၊ အဖွဲ့ရုံးအသီးသီးတို့က ရည်မှန်းချက်များချမှတ်ပြီး အလုပ်ရှင်၊ အလုပ်သမားထုတစ်ရပ်လုံး ယုံကြည်လေးစား အားကိုးရသည့်ဝန်ကြီး ဌာနတစ်ခုဖြစ်လာစေရေးအတွက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

ရှေ့ဆက်၍ စိတ်သစ်၊ လူသစ်၊ စွမ်းအားသစ်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေးတို့အတွက် ဦးစီးဌာန၊ အဖွဲ့အချင်းချင်း၊ ဝန်ထမ်းအချင်းချင်း စိတ်ကောင်းစေတနာကောင်းဖြင့် ဟန်ချက်ညီညီပေါင်းစည်းပြီး ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် ပေါင်းစည်းဟန်ချက်စွမ်းအားတက် Synchronizing Manpower နှင့်အညီ ကြိုးစားဆောင်ရွက်သွားခြင်းဖြင့် အလုပ်သမားဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်သွားကြရန် အရာထမ်း၊ အမှုထမ်းများကို တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းတူညီဝတ်စုံများ ချီးမြှင့်ပေးအပ်ခြင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်တွင် ဝန်ကြီးဌာနပေါင်းစုံ အသင်းလိုက် အကျောမဲ့ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဝန်ကြီးဌာနအသင်းနှင့် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်း၊ သင်တန်းထူးချွန်ဆုရရှိသူများနှင့် ဘာသာရပ်ဆိုင်ရာစွမ်းဆောင်ရည် ထူးချွန်သူများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့်ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဝန်ထမ်းများအတွက် ပျော်ပွဲရွှင်ပွဲအဖြစ် ကံစမ်းမဲများမဲဖောက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်