Skip to main content

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအတွင်းရှိ နေအိမ်နှင့်စာသင်ကျောင်းအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ၎င်းတို့သိုဝှက်သိမ်းဆည်းထားသည့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော် ဇန်နဝါရီ ၃

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်းဝင်ရောက်ပြီး အရပ်သားပြည်သူများအား လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းများကို ကျူးလွန်လျက်ရှိသည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၊ နေအိမ်များအတွင်း၌ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်သိမ်းဆည်းခြင်းများအပါအဝင် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိစဉ် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUG ၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများသည် ငါန်းဇွန်မြို့၊ အနောက်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ကုလားကျေးရွာအတွင်း၌ ခိုအောင်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက် ည ၁၁ နာရီခန့်တွင် အဆိုပါကျေးရွာအတွင်းသို့ ရုတ်ချည်းထိုးဖောက်ဝင်ရောက်တိုက်ခိုက်၍ လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားနှင့် ရင်ဆိုင်ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၃ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ခိုအောင်းနေထိုင်လျက်ရှိသည့် နေအိမ်နှင့်စာသင်ကျောင်းအတွင်းမှ ဖောက်ခွဲဖျက်ဆီးရေးဆက်စပ်ပစ္စည်းများ၊ ၎င်းတို့အသုံးပြုလျက်ရှိသည့် ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းစာတမ်းပါ NISSAN XTRAIL အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ယခင်ကလည်း အုပ်ချုပ်မှုခက်ခဲပြီး အလှမ်းကွာဝေးသည့် မြို့၊ ရွာအချို့သို့ဝင်ရောက်၍ လက်နက်အားကိုးဖြင့်အနိုင်ကျင့်ကာ စာသင်ကျောင်းများအပါအဝင် ဌာနဆိုင်ရာအဆောက်အဦများ၊ ပြည်သူလူထုတို့၏ နေအိမ်များအတွင်းသို့ ဝင်ရောက်နေရာယူ၍ အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ်များ ကာရံခြင်း၊ မိုင်းများထောင်ထားခြင်း၊ သဲအိတ်ဘန်ကာများ တည်ဆောက်ခြင်း၊ အကြမ်းဖက်လေ့ကျင့်ရေးကွင်းများ ဖောက်လုပ်ခြင်းများပြုလုပ်ကာ အခိုင်အမာစခန်းတည်ဆောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန်ကြိုးပမ်းခဲ့သည့်ဖြစ်စဉ်များလည်းရှိခဲ့ပြီး တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်တားဆီးနိုင်ခဲ့မှုများနှင့် အကြမ်းဖက်သမားများအနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ်အကြောင်းပြ၍ အဆိုပါယာဉ်များအသုံးပြုကာ လက်နက်၊ ခဲယမ်းများသယ်ဆောင်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်လျက်ရှိမှုများကိုလည်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အကြမ်းဖက်သမားများအနေဖြင့် ထိုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော ပြည်သူလူထုတို့၏ နေအိမ်များ၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် စာသင်ကျောင်းများကိုအသုံးချကာ ခိုအောင်းနေထိုင်ခြင်း၊ လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ကျောင်းနေအရွယ် ကလေးငယ်များ၏ ပညာသင်ယူခွင့်ကို ထိခိုက်နစ်နာစေရုံသာမက ဒေသဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ပညာရည်မြင့်မားမှုကို ပိတ်ပင်ဖျက်ဆီးမှုဖြစ်သဖြင့် ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါသိမ်းဆည်းရမိဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား အချိန်မီပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်မည့် အကြမ်းဖက်သမားများနှင့် လက်နက်၊ ခဲယမ်းများကို ယခုကဲ့သို့ အချိန်မီဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့ခြင်းဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။