Skip to main content

လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

နေပြည်တော် ဇန်နဝါရီ ၂

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် တော်ဝင်နဂါးရောဂါရှာဖွေရေးစင်တာတို့ပူးပေါင်း၍ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ရွေ့လျားဆေးကုသယာဉ် (Mobile Medical Units) ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ယာဉ်ရပ်နားဝင်း၌ ပြုလုပ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ပေးခြင်း၊ ဆေးဝါးကုသမှု၊ ဓာတ်ခွဲ စစ်ဆေးမှု၊ နှလုံးအတွက် ECG စစ်ဆေးခြင်းအပါအဝင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုကို ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီးသုံးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၉၆ ခန်း၊ ဌာနကြီး ဆေးခန်း ၆၁ ခန်း၊ စာချုပ်ဆေးခန်း ၆၈ ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု ဆောင်ရွက်သည့် စာချုပ်ဆေးခန်း ၄၈ ခန်း၊ မီးဖွားဝန်ဆောင်မှုပေးသော စာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၆ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌လည်း မြို့နယ်လူမှုဖူလုံရေးဆေးခန်း နှစ်ခန်း၊ ဌာနကြီးဆေးခန်း လေးခန်း၊ စာချုပ်ဆေးခန်း လေးခန်း၊ သားဖွားမီးယပ်ပြင်ပ လူနာကုသမှုဆောင်ရွက်သည့် စာချုပ်ဆေးခန်း သုံးခန်းတို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွင်း ပထမအကြိမ် စီမံချက်အနေဖြင့် လူမှုဖူလုံရေးအကျုံးဝင် အလုပ်ဌာန ၂၃၉ ဌာနမှ အာမခံအလုပ်သမား ၁၈၆၃၁ ဦးတို့ကို ဇန်နဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်