ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က စက်တင်ဘာ ၂၇ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]
ရန်ကုန်ရဲ့ ၂၇ - ၉ - ၂၀၂၀ ရက်နေ့ ကိုဗစ်အခြေအနေနဲ့ ပတ်သက်ပြီး ပြောရရင် ၇၉၄ ဦးပါ။ ရန်ကုန်မှာ မနေ့က Positive ဖြစ်တဲ့ လူနာပေါင်း ၇၉၄ ဦးရှိပါတယ်။ အဲဒီ ၇၉၄ ဦးကို နေရာချထားဖို့ ကျွန်တော်တို့ ပြင်ဆင်ရပါတယ်။
ပထမဦးဆုံးပြောရရင် အောင်မြင့်မိုရ်မှာ ဆက်လက်ပြီး နေရာချထားတာ ဖြစ်ပါတယ်။ အောင်မြင့်မိုရ်က ခုတင် ၁၂၀၀ ဆံ့တာဖြစ်တဲ့အတွက် အဲဒီမှာ နေရာလုံလောက်စွာရှိပါတယ်။ မနေ့တုန်းက လူ ၄၀၀ ကျော်ကို အဲဒီကို ပို့ဆောင်ထားခဲ့ပါတယ်။ ဒီနေ့ ဆက်လက်ပြီး ဒီအောင်မြင့်မိုရ်အိမ်ရာကို ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ တပ်မတော်ရဲ့ ရဲမွန်တိုက်/စည်းကျောင်းက ခုတင် ၁၆၆ ခုတင် ရရှိတဲ့အတွက် ယခုဆိုရင် စတင်ပြီး ပို့ဆောင်နေပါပြီ။ အဲဒီလိုမျိုး နေရာချထားလျက်ရှိပါတယ်။
ဆက်လက်ပြီး ရောဂါလက္ခဏာ ပြင်းထန်တဲ့သူတွေကို ဝေဘာဂီ၊ တောင်ဥက္ကလာနဲ့ဖောင်ကြီးကို ပို့ဆောင်ပြီး ကုသပေးလျက်ရှိပါတယ်။ တစ်ပြိုင်နက်တည်းမှာ ရန်ကုန်မှာရှိတဲ့ ဆေးရုံကြီးတွေရဲ့ Oxygen Therapy (အောက်ဆီဂျင်ကုထုံး) ကုသနိုင်မှုကို မြှင့်တင်ဖို့အတွက်လည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အစီအစဉ်နဲ့ စတင်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါဟာ ယခင်တုန်းက ကျွန်တော်တို့ ဆေးရုံတွေမှာ Oxygen Therapy ပေးနိုင်တဲ့နေရာတွေဟာ HDU နဲ့ ICU တွေသာ ဖြစ်ပါတယ်။ ယခုဆိုရင် Ward တွေထဲမှာ၊ Ward တိုင်းမှာ Oxygen Therapy ပေးနိုင်အောင် ၊ Oxygen ပေးလို့ရအောင် စီစဉ်မှာဖြစ်ပါတယ်။ ယခင်တုန်းက Oxygen ကို Oxygen ထည့်တဲ့ Cylinder တွေနဲ့သယ်ယူပြီး ပို့ရတာဖြစ်ပါတယ်။ ယခုဟာက Liquid Oxygen နဲ့ ဒီ Oxygen ပိုက်လိုင်းတွေ သွယ်တန်းပြီး ပေးနိုင်အောင် စီစဉ်မှာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ရှေ့လျှောက် ကိုဗစ် - ၁၉ နဲ့ အခြားရောဂါတွေနဲ့ တွဲပြီး ရှိတဲ့သူတွေအတွက် ဆေးရုံတွေမှာ လုံလုံလောက်လောက် ပြည့်ပြည့်ဝဝ ကုသနိုင်အောင် ကြိုတင်စီစဉ်လျက်ရှိပါတယ်။
ယခုထွက်ရှိလာတဲ့ လူနာအရေအတွက်အရ တစ်နေ့ကို ၇၀၀ / ၈၀၀ Positive ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီလူနာတွေကို ပြည့်ပြည့်စုံစုံကုသနိုင်အောင် စီစဉ်ဆောင်ရွက်တဲ့နေရာမှာ ထပ်မံပြီးတော့ ရိုးမစင်တာ (၂)ကို ဖွင့်လှစ်နိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။ အလားတူ လိုအပ်ရင် ဆက်လက်ပြီးတော့ ဖွင့်လှစ်နိုင်အောင် တခြားသင့်လျော်တဲ့ နေရာတွေကို ယခုအချိန်မှာ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။
တစ်ဖက်ကလည်း ဒီလိုစင်တာတွေဖွင့်တဲ့အခါ အဓိက လိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေးဝန်ဆောင်မှု၊ ဒီစောင့်ရှောက်မှုပေးနိုင်တဲ့ ဆရာဝန် / ဆရာမ၊ ဝန်ထမ်းအင်အား လိုအပ်ပါတယ်။ ယခင်တုန်းက ပြည့်စုံပါတယ် ပြောခဲ့ ပေမယ့် ယခုအချိန်မှာ လိုအပ်လာပြီ ဖြစ်ပါတယ်။ ယခင်က လူ ၂၀၀ / ၃၀၀ ထွက်တာကို ထိန်းနိုင်တဲ့ အနေအထားရှိပါတယ်။ ယခုလို ၇၀၀ / ၈၀၀ ထွက်တဲ့ အချိန်မှာ ပြုစုစောင့်ရှောက်တဲ့ စင်တာတွေ တိုးပြီးတော့ လိုလာသလို ဒီလူနာ တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန် / ဆရာမတွေ ပိုမိုလိုအပ်လာတာ ဖြစ်ပါတယ်။
ဒါအတွက်လည်း ယခုဆိုရင် စတင်ပြီးတော့ မြန်မာနိုင်ငံဆရာဝန်များ အသင်းက အကူအညီတွေ စတင်ပြီးရရှိနေပါပြီ။ အဲဒီအသင်းက အဖွဲ့ဝင်တွေ၊ Volunteer တွေက ကိုဗစ်စင်တာတွေမှာ စတင်ပြီး ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ ယခင်ကလည်း ဆောင်ရွက်ပါတယ်။ ယခုဆိုရင် အင်နဲ့အားနဲ့ ဆောင်ရွက်လာပါတယ်။
ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ Private Hospital တွေ၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းဟာ ယခုဆိုရင် ဖောင်ကြီးသာမက အောင်မြင့်မိုရ်နဲ့ ရိုးမကို ပါဝင်ပြီး ကူညီဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရိုးမ (၂) ရဲ့ တော်တော်များများ အပိုင်းတွေကို မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်းကနေ ပါဝင်ဆောင်ရွက် ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါနဲ့အတူ ကျွန်တော့်အနေနဲ့ ဒီနေရာကနေပြီး မေတ္တာရပ်ခံချင်ပါတယ်။ Volunteer Medical Service ပေးမယ့်သူတွေကို ကြိုဆိုလျက်ရှိပါတယ်။ Volunteer Medical Service ပေးချင်တဲ့သူတွေဟာ မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း၊ ဆေးတက္ကသိုလ် - ၁ တို့နဲ့ ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ ဆေးတက္ကသိုလ်- ၁ နဲ့ ဆက်သွယ်မယ်ဆိုရင် ဆေးတက္ကသိုလ် - ၁ ရဲ့ ဖုန်းနံပါတ် တွေ ရှိပါတယ်။ အဲဒါတွေကို ဆက်သွယ်နိုင်တယ် ဆိုတဲ့အကြောင်းနဲ့ ဒီနေရာကနေ ကြိုဆိုလျက်ရှိကြောင်း ပြောကြားလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ထက်လျှံ