Skip to main content

သာယာဝပြောသည့် လူ့ဘောင်တည်ဆောက်

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကရရှိသည့် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦးဖြစ်ကြောင်း အသိပေးကြေညာလိုက်ရာ ဆယ်နှစ်တာကာလအတွင်း မိမိတို့နိုင်ငံ၏ လူဦးရေမှာ တိုးလာခြင်းမရှိဘဲအနည်းငယ် ယုတ်လျော့သွားကြောင်း ကိန်းဂဏန်းများက ပြဆိုနေသည်။ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် အချို့မြို့နယ်များတွင် လူဦးရေကို ခန့်မှန်းတွက်ချက်မှု ပြုလုပ်ခဲ့ရကြောင်းနှင့် စာရင်းမကောက်ယူနိုင်သည့် ဒေသများ၏ ခန့်မှန်းလူဦးရေမှာ ၁၉ ဒသမ ၁ သန်းကျော်ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ယင်းနှစ် မတ်လ ၂၉ ရက် ညပိုင်းတွင်ရှိသော မြန်မာနိုင်ငံ၏ လူဦးရေ စုစုပေါင်းမှာ ၅၁၄၈၆၂၅၃ ဦး ဖြစ်သည်။ ထိုစဉ်က ပြည်နယ်သုံးခုမှ သန်းခေါင် စာရင်းမကောက်ယူနိုင်သည့် ခန့်မှန်းလူဦးရေ ၁ ဒသမ ၂ သန်း ကျော် ပါဝင်သည်။ မြန်မာနိုင်ငံ၏ လူဦးရေတိုးနှုန်းသည် ၁၉၇၃ မှ ၁၉၈၃ ခုနှစ်အတွင်း ၂ ဒသမ ၀၂ ရာခိုင်နှုန်း၊ ၁၉၈၃ မှ ၁၉၉၃ ခုနှစ်အတွင်း ၁ ဒသမ ၄၁ ရာခိုင်နှုန်း၊ ၁၉၉၃ မှ ၂၀၀၃ ခုနှစ်အတွင်း ၁ ဒသမ ၃၈ ရာခိုင်နှုန်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၀ ဒသမ ၈၉ ရာခိုင်နှုန်း စသည်ဖြင့် ဆယ်စုနှစ်အလိုက် လူဦးရေတိုးနှုန်း တစ်သမတ်တည်း ကျဆင်းခဲ့ခြင်းဖြစ်ရာ ၂၀၁၄ မှ ၂၀၂၄ အထိ ဆယ်နှစ်တာကာလအတွင်း မွေးဖွားမှု၊ သေဆုံးမှု၊ ရွှေ့ပြောင်းမှု အခြေအနေအရပ်ရပ်တို့က နိုင်ငံ၏ လူဦးရေအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်းရှိကြောင်း တွက်ချက်ဖော်ပြထုတ်ပြန်ထားခဲ့ရာ ဆယ်နှစ်တာကာလအတွင်း လူငါးသန်းခန့် တိုးမလာဘဲ လွန်ခဲ့သည့် ဆယ်နှစ်ကရှိခဲ့သည့် လူဦးရေအောက် တစ်သိန်းခွဲ နှစ်သိန်းနီးနီး လျော့ကျသွားခြင်းအပေါ် အဖြေရှာ၍မဖြစ်မနေ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၈၀၀၀ ကျော်လွန်နေပြီဖြစ်ပြီး မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော နိုင်ငံများတွင် ကမ္ဘာ့ လူဦးရေအများဆုံး နိုင်ငံကြီး နှစ်နိုင်ငံ ပါဝင်နေသကဲ့သို့ ကမ္ဘာ့လူနေအသိပ်သည်းဆုံး နိုင်ငံလည်း ပါဝင်နေသည်ကို သတိပြုကြရန်လိုသည်။ လူဦးရေသည် နိုင်ငံတစ်နိုင်ငံ၏ အင်္ဂါရပ်တစ်ခု ဖြစ်သကဲ့သို့ ပထဝီနိုင်ငံရေးအရလည်း အရေးပါသည့်အချက် တစ်ရပ်ဖြစ်သည်။ နိုင်ငံ့လူဦးရေအရွယ်အစား (Size) နှင့် သိပ်သည်းမှု (Density) တို့သည် နိုင်ငံ၏အင်အားကို တွက်ချက်ရာတွင် အခြေခံအချက်တစ်ခုဖြစ်ပြီး နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒ (Foreign Policy) နှင့် နိုင်ငံ၏ အရှိန်အဝါ (State Power) တို့အတွက်လည်း အခြေခံရသည့်အချက်ဖြစ်သည်။

နိုင်ငံ၏လူဦးရေသည် နိုင်ငံ၏လူသားအရင်းအမြစ် ပမာဏပင်ဖြစ်ပြီး စားရေရိက္ခာဖူလုံရေး၊ အမိုးအကာ လုံခြုံစွာနေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြည့်စုံစွာရရှိရေး၊ ကျောင်းနေအရွယ်အားလုံး ပညာသင်ကြားနိုင်ရေး စသည်တို့ ဖန်တီးဖော်ဆောင်ပေးကာ နိုင်ငံတည်ဆောက်ရေးအတွက် တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားများ ပြုစုပျိုးထောင်ရန်လိုသည်။ လူသားအရင်းအမြစ်မှ ပေါ်ထွက်လာသော ကာယစွမ်းအား၊ ဉာဏစွမ်းအားတို့ကို နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ထိထိရောက်ရောက် အသုံးပြုသွားနိုင်ရန်လည်း လိုသည်။ ပြည်တွင်း၌ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့် ဆက်စပ်ဖြစ်ပေါ်နေသည့် အကျိုးဆက်များမှာ မြန်မာ့လူ့ဘောင်တစ်ခုလုံး၏ ကဏ္ဍအသီးသီးတို့အပေါ် တွင် ရိုက်ခတ်မှုကြီးမားသည်။ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးတို့၏ ရှေ့သို့တိုးရမည့် ခြေလှမ်းများကို အနှောင့်အယှက် အဟန့်အတား ဖြစ်ပေါ်စေပြီး ဖွံ့ဖြိုးတိုးတက်မှုတို့ကို နှောင့်နှေးစေသည်။

တည်ငြိမ်အေးချမ်း၍ သာယာဝပြောသည့် လူ့ဘောင်သည်သာ နေပျော်သည့်လူမှုဘဝများကို ဖြစ်ထွန်းစေမည်ဖြစ်သည့်အလျောက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ဒေသများ တည်ငြိမ်အေးချမ်းရေးတို့ကို ပြည်သူများ ပူးပေါင်းပါဝင်သည့် စုပေါင်းအားဖြင့် ဖော်ဆောင်ကာ နိုင်ငံဖွံ့ဖြိုးရေးနှင့် နိုင်ငံ့လူဦးရေတိုးတက်ရေးဆီသို့ ဦးတည်ဆောင်ရွက်ကြရပါမည့်အကြောင်း။     ။