နေပြည်တော် စက်တင်ဘာ ၂၈
ခေတ်သစ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးအောင်သန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူလူထုကြီးခင်ဗျား-
ကျွန်တော်ကတော့ ခေတ်သစ်ပြည်ထောင်စုပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်သစ် ပြည်ထောင်စုပါတီသည် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် ၁၄ ပါတီရဲ့ ပါတီ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ မိဘပြည်သူများအားလုံး ရင်ထဲမှာရှိနေတဲ့၊ ကိန်းအောင်းနေတဲ့ ဒီမိုကရေစီရေး ပြင်းပြဆန္ဒပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
မဲဆန္ဒရှင်လူထုကြီးခင်ဗျား၊ ကျွန်တော်တို့ ခေတ်သစ်ပြည်ထောင်စုပါတီရဲ့ မူဝါဒလမ်းစဉ်တွေ မတင်ပြမီ အရေးကြီးတဲ့ အကြောင်းနှစ်ချက် တင်ပြပါမယ်။
ပထမအချက်ကတော့
လာမည့် ၈-၁၁-၂ဝ၂ဝ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲကြီးဟာ ၁၉၄၈ မှ ၁၉၆၂ အတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမျိုးတွေနဲ့လည်း မတူပါဘူး။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ရွေးကောက်ပွဲမျိုးတွေလည်း မဟုတ်ပါဘူး။ ယခုရွေးကောက်ပွဲဟာ ပါတီစုံစနစ်သို့ အမှန်အကန် ကူးပြောင်း ရောက်ရှိရေး၊ စနစ်ပြောင်း၊ ခေတ်ပြောင်း ရွေးကောက်ပွဲကြီးဖြစ်ဖို့ ထူးခြားအရေးပါတဲ့ ရွေးကောက်ပွဲကြီးပဲလို့ ဆိုပါရစေ။ ယခုရွေးကောက်ပွဲသည် လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။
၁၉၆၂ ခုနှစ် ဒီမိုကရေစီစနစ် ပျက်သုဉ်းသွားပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပေါ်ပေါက်လာပါတယ်။ ဒီမိုကရေစီစနစ်ပြန်လည်အစပျိုး ခဲ့တဲ့အချိန် ၂၀၁၀/၂၀၁၅ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အချိန် ဖြတ်သန်းလာခဲ့ရတဲ့အချိန်မှာ ပြည်သူလူထုတစ်ရပ်လုံး ခံစားချက်များ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံသားအားလုံး သိရှိခံစားရတဲ့ဘဝက လွတ်မြောက်အောင် လုပ်ဆောင်မယ့်အချိန်၊ ကြိုးစားရမယ့်အချိန် ယနေ့ရောက်ရှိလာပါပြီ။ ငြိမ်းချမ်းရေးရချင်တဲ့ဆန္ဒ နိုင်ငံသားအားလုံးရဲ့ရင်ထဲမှာ ကိန်းအောင်းနေပါတယ်။ အဲဒီ hidden desire ဆိုတဲ့ ရင်ထဲကဆန္ဒကြီးကို ထုတ်ဖော်ပြသကြဖို့အချိန် Turning Point တစ်ဆစ်ချိုးအကွေ့ ရောက်ရှိနေပါပြီ။
တစ်ဆစ်ချိုးရောက်နေတဲ့အချိန်မှာ ပြည်ထောင်စုကြီးကို ကာကွယ်နိုင်ရေးအတွက် ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ ကမ္ဘာ့အဆင့် အတန်းမီ တပ်မတော်၊ မြန်မာ့တပ်မတော်တစ်ခု မရှိမဖြစ်လိုအပ်တယ်လို့ ခေတ်သစ်ပြည်ထောင်စုပါတီမှ ခံယူပါတယ်။
(An Army with profe standards)
ယနေ့တပ်မတော်သည် မိဘပြည်သူများ၏ ရင်နှစ်သည်းချာ သားသမီးများနှင့် ဖွဲ့စည်းထားတဲ့ တပ်မတော်ဖြစ်ပါတယ်။ (An Army with national pride) အမျိုးဂုဏ်ကို ချစ်မြတ်နိုးတဲ့ဂုဏ်၊ မာန်မာနရှိတဲ့ တပ်မတော်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား အားလုံးထဲက မြန်မာနိုင်ငံသားများ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ငြိမ်းချမ်းသော၊ လုံခြုံသော၊ ညီညွတ်သော နိုင်ငံဖြစ်ရေး၊ ဒီမိုကရေစီ မြန်မာနိုင်ငံတော်ဖြစ်ရေး ဒီမိုကရေစီစနစ် ချီတက်ရာမှာ ပြည်သူလူထု နိုင်ငံသားအားလုံးနှင့်အတူ ညီညီညွတ်ညွတ်အတူ ချီတက်ပြီး မြန်မာနိုင်ငံ ရဲ့အနာဂတ် ငြိမ်းချမ်းသော၊ လုံခြုံသော၊ ညီညွတ်သော (Peace, Security and Unity) မြန်မာနိုင်ငံတော်ကြီးတည်ဆောက်ကြရာမှာ မြန်မာ့တပ်မတော် ကျန်လို့မဖြစ်ပါဘူး။ ချန်ထားလို့မရပါဘူး။ မိဘပြည်သူနဲ့တစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်း၊ လက်ရည်တစ်ပြင်တည်း လက်တွဲလုပ်ဆောင်ကြဖို့ လိုပါတယ်။ ပြည်ထောင်စုကို Reunion လုပ်ကြရမှာဖြစ်ပါတယ်။
အဲဒီဆန္ဒက ပြည်ထောင်စုနိုင်ငံသားတိုင်း အားလုံးပါဝင်တဲ့ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ပြန်လည်ပေါင်းစည်းရေးဖြစ်ပါတယ်။ Reunion လုပ်ခြင်းဖြစ်ပါတယ်။ အမျိုးသားအဆင့်၊ အမျိုးသား အားလုံး ပါဝင်တဲ့ ညီလာခံကြီး၊ အမျိုးသားရေးဆွေးနွေးပွဲကြီးတစ်ရပ် ခေါ်ယူရမှာဖြစ်ပါတယ်။ အမျိုးသားရေး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြစ်လျက် ပေါင်းစည်းသော ပြည်ထောင်စု ခေတ်သစ်သို့ အမျိုးသားညီလာခံကြီးမှ ရေးဆွဲသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ထိုအခြေခံဥပဒေမှ ရွေးကောက် တင်မြှောက်ကြမယ်ဆိုရင် ပေါ်ပေါက်လာမည့်အစိုးရသည် ပြည်ထောင်စု အစိုးရစစ်စစ်ဖြစ်မည်ဟု ခေတ်သစ်ပြည်ထောင်စုပါတီမှ ယုံကြည်ပါတယ်။
ဒုတိယအချက်ကတော့
ကျွန်တော်တို့ ခေတ်သစ်ပြည်ထောင်စုပါတီ မူလတည်ထောင်စဉ်က ပါတီဖွဲ့စည်းရေးဆိုတာထက် အမျိုးသားရေး အသွင်ဆောင်တဲ့အဖွဲ့အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။
လက်ငင်းဖြစ်ပေါ်နေတဲ့ ပြဿနာတွေကိုအစွမ်းရှိသမျှ ဖြေရှင်းပေးခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ ပြောင်းလဲ သွားနိုင်ရေးအတွက် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲသာလျှင် တစ်ခုတည်းသော ထွက်ရပ်လမ်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုပါတယ်။ ယုံကြည်သည့်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီက မဲပေးတာ၊ အခြေခံဥပဒေရှိရုံနဲ့ မလုံလောက်ပါဘူး။ လူတစ်ယောက်ရဲ့ အခြေခံအခွင့် အရေးတို့ကို အကာအကွယ်ပေးဖို့ လိုပါတယ်။ ပုဂ္ဂလိကလွတ်လပ်ခွင့်မရှိသရွေ့ ဒီမိုကရေစီရှိတယ်လို့ ကျွန်တော်တို့ မယူဆပါဘူး။ ဒီမိုကရေစီတိုးတက်ဖို့ လူမှုအဖွဲ့အစည်းအမြင် ပြောင်းဖို့လိုပါတယ်။
လူထုကို အာဏာ ဘယ်လိုပေးမလဲ၊ အစိုးရနဲ့ ဘယ်လိုဆက်ဆံမလဲ၊ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေး အတွက် မူဝါဒပြောင်းလဲမှုနဲ့ လူမှုအဖွဲ့အစည်း အမြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ မူဝါဒက လက်ရှိ ပြောင်းလဲနေပြီဖြစ်ပါတယ်။ ပြောင်းလဲဖို့ ဆက်ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းလို ကျင့်ဝတ်ပိုင်းအားကောင်းတဲ့ လူထုခေါင်းဆောင်မျိုး မြန်မာနိုင်ငံမှာ လိုအပ်နေပါတယ်။
နိုင်ငံသားတိုင်းရဲ့ အတွင်းနှလုံးသားမှာ ပြင်းပြတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လိုချင်တဲ့ဆန္ဒ (hidden desire) ရှိပါတယ်။ အဲဒီဆန္ဒကို ယနေ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ကြရမှာ ဖြစ်ပါတယ်။
မဲဆန္ဒရှင် ပြည်သူလူထုကြီးခင်ဗျား
မဲဆန္ဒရှင်လူထုကြီးကို အပိုင်း (၅)ပိုင်းခွဲပြီး ရှင်းလင်းတင်ဆက်ပါမယ်-
၁။ ကျွန်တော်တို့ ခေတ်သစ်ပြည်ထောင်စုပါတီ ပေါ်ပေါက်လာပုံ။
၂။ ကျွန်တော်တို့ပါတီကိုင်စွဲထားတဲ့ ယုံကြည်ခံယူချက်၊ လမ်းစဉ်နှင့် လုပ်ငန်းစဉ်။
၃။ ကျွန်တော်တို့ပါတီရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားနှင့် ရွေးကောက်ပွဲတွင်ပါဝင်မှု။
၄။ မဲဆန္ဒရှင် လူထုကြီးရဲ့ ရပိုင်ခွင့်။
၅။ ခေတ်သစ်ပြည်ထောင်စုပါတီ ကိုယ်စားလှယ်လောင်းများအတွက် မေတ္တာမဲ ပန်ကြား တောင်းခံခြင်းတို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ ခေတ်သစ်ပြည်ထောင်စုပါတီသည် ယခင်ရှိခဲ့တဲ့ ပြည်ထောင်စုပါတီ (ပ.ထ.စ)အဖွဲ့ကြီးရဲ့ သဘောထားခံယူချက်များ ဆက်လက်၍ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲပြီးဆောင်ရွက်သွားရန် ဖွဲ့စည်းလိုက်တဲ့ပါတီ ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီက ချေနှစ်ချေကို စွဲကိုင်ထားပါတယ်။ ချေနှစ်ချေ ဆိုတာ လက်စားမချေဘူး၊ သင်ပုန်းချေရမှာ ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့ ခေတ်သစ်ပြည်ထောင်စုပါတီ ခံယူထားတဲ့ဝါဒက မေတ္တာ ဝါဒ ဖြစ်ပါတယ်။
ကမ္ဘာ့လူသားတို့ အကြိုက်တူဝါဒတစ်ခုကို စတင်တည်ထောင်ခဲ့ကြရာမှာ ကိုယ်ချင်းစာမေတ္တာဝါဒ၊ ကမ္ဘာဦးဝါဒ၊ ကမ္ဘာသစ် တည်ထောင်သော ဝါဒဖြစ်ပါတယ်။ မေတ္တာဝါဒကိုစွဲကိုင်ပြီး ကျင့်သုံးကြမယ် ဆိုရင် အရာရာအောင်မြင်မယ်လို့ ကျွန်တော်တို့ပါတီက ယုံကြည်ပါတယ်။
ပြည်သူလူထုကြီးခင်ဗျား
ကျွန်တော်တို့ ခေတ်သစ်ပြည်ထောင်စုပါတီရဲ့ လုပ်ငန်းစဉ်တွေကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်။
လက်ငင်းဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အစွမ်းရှိသမျှ ဖြေရှင်းပေးရန်၊ ဒီနေ့ကျွန်တော်တို့ ပြည်ထောင်စုမှာ မဖြေရှင်းရင်မဖြစ်တဲ့ ပြဿနာဟာ ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိမှသာ ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ပြည့်စုံပြီး ဝပြောသာယာတဲ့ပြည်ထောင်စုကြီးကို တည်ထောင်နိုင်မှာပါ။ဒါကြောင့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့မှာ ပါဝင်နေတဲ့အင်အားစုများ အားလုံး ကြိုတင်စည်းကမ်းချက်များမထားဘဲ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြမှသာ ရေရှည်တည်တံ့ ကျယ်ပြန့်ခိုင်မာတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ ခေတ်သစ် ပြည်ထောင်စုပါတီက မမှိတ်မသုန်ယုံကြည်ပါတယ်။ ယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှတစ်ဆင့် ငြိမ်းချမ်းသော၊ လုံခြုံသော၊ ညီညွတ်သော (Peace, Security and Unity) မြန်မာနိုင်ငံကြီးအဖြစ် ပေါ်ပေါက်ရပ်တည်နိုင်အောင် ကြိုးပမ်းကြဖို့ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား-
နိုင်ငံ့ဝန်ထမ်းများနဲ့ပတ်သက်ပြီးတော့ နိုင်ငံ့ဝန်ထမ်းများ စတင်ဝင်ရောက် တဲ့အဆင့်မှ အမြင့်ဆုံး အဆင့်ထိ ရောက်ရှိခံစားခွင့်ရရှိရေးကို ဆောင်ရွက်မှာဖြစ်ပါတယ်။ အငြိမ်းစားဝန်ထမ်းများ အတွက် ခေတ်နှင့်လျော်ညီသော လစာရိက္ခာများရရှိအောင် ဆောင်ရွက်ပါမယ်။
စီးပွားရေး
မှန်ကန်သော ကမ္ဘာ့အဆင့်မီ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ စီးပွားရေး စနစ် “Free and competitive Trade policy”စနစ်ကို ချမှတ်ဆောင်ရွက်နိုင်ရန် ဖြစ်ပါတယ်။ နိုင်ငံတော်က စွက်ဖက် ကြိုးကိုင်မှုကင်းသော လွတ်လပ်စွာ ယှဉ်ပြိုင်ထုတ်လုပ် ရောင်းချသည့် စီးပွားရေးစနစ်တစ်ရပ်ကို တည်ထောင်အကောင်အထည် ဖော်ခြင်းဖြင့် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (LDC) နိုင်ငံဘဝမှ လွတ်မြောက်စေပါမည်။ ဒီစနစ်ဖြင့် ကုန်ပစ္စည်းပေါများရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး ပြုလုပ်ရန် ရည်ရွယ်ပါသည်။ မြန်မာငွေရဲ့တန်ဖိုးကို နိုင်ငံခြားငွေများနဲ့ ကွာဟချက် နည်းနိုင် သမျှနည်းအောင် စီမံမှုတွေချမှတ်မှာဖြစ်ပါတယ်။ ပြည်တွင်းသုံးငွေကိုလည်း အာမခံချက်ရရှိရေးအတွက် ဥပဒေရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လူထုကျန်းမာရေး
လက်ရှိ ကျန်းမာရေးစနစ်သည် ၇၀ ရာခိုင်နှုန်းသော ပြည်သူများ နေထိုင်သည့် ကျေးရွာနှင့် ဝေးလံခေါင်းပါးသောဒေသရှိ ပြည်သူများအတွက် လက်လှမ်း မီနိုင်မှု အနေအထားများ များစွာလိုအပ်ဆဲ ဖြစ်ပါတယ်။
ဤကိစ္စကို အဖြေရှာနိုင်ရန် ပြည်သူတစ်ရပ်လုံး လွှမ်းခြုံသော သာမျှညီ ကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage)ကို တစိုက် မတ်မတ် အားထည့်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ပညာရေး
အနာဂတ်မြန်မာနိုင်ငံတော် ကလေးသူငယ်များအရေး၊ ကျန်းမာရေး၊ ပညာရေးအပိုင်းမှာ နိုင်ငံတော် ဘတ်ဂျက်မှ သီးခြားခေါင်းစဉ်ပြဋ္ဌာန်းပြီး ခွင့်ပြု သုံးစွဲနိုင်ရေး ဆောင်ရွက်မယ်။
ကမ္ဘာ့အဆင့်မီပညာရေးစနစ်ကို အကောင်အထည်ဖော်သွားပါမယ်။ ကျောင်းသားသမဂ္ဂ၊ ဆရာများ သမဂ္ဂများ ဖွဲ့စည်းခွင့်ရရှိရေး ဆောင်ရွက်မယ်။ အမျိုးသားပညာရေး၊ ဥပဒေရေးဆွဲပြဋ္ဌာန်းရာ၌ အနာဂတ်အတွက် ယနေ့ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံ တကာစံချိန်မီ ပညာရေးစနစ်ဖြစ်ပေါ်ရေး ဆောင်ရွက်မယ်။ ကလေးသူငယ် လူရွယ်များအတွက် (Sex) ပညာရေးကို လုံးဝကန့်ကွက်သွားမယ်၊ လမ်းမှား ရောက်မယ့် အတွေးအခေါ်ဖြစ်ပါတယ်။
အလုပ်သမား
အလုပ်သမားတွေနဲ့ပတ်သက်ရင် အလုပ်သမားတွေ၊ အရာထမ်း၊ အမှုထမ်းတွေ မနစ်နာရအောင် ကာကွယ်ပေးမယ့် စည်းမျဉ်းဥပဒေတွေ ပြဋ္ဌာန်းပေးသွားမယ်။
တောင်သူလယ်သမား
တောင်သူလယ်သမားများနဲ့ပတ်သက်ပြီး လယ်ရှင်မြေရှင်ကြီးများ ပေါ်ပေါက်စေတဲ့ဥပဒေ ဖျက်သိမ်းရေး ဆောင်ရွက်မယ်။
နိုင်ငံခြားရေး
လွတ်လပ်ပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးဝါဒကို ကျင့်သုံးမှာဖြစ်ပါတယ်။
တရားစီရင်ရေး
ဥပဒေနှင့်အညီ တရားစီရင်သော တရားစီရင်ရေးဆိုင်ရာ ဥပဒေအသစ်များ ရေးဆွဲပြဋ္ဌာန်းပြီး လူထုအားလုံး အားကိုးလေးစားသော တရားစီရင်ရေး ပေါ်ပေါက်အောင် ဆောင်ရွက်မယ်။
အလံနှင့်တံဆိပ်
ခေတ်သစ်ပြည်ထောင်စုပါတီ၏ အလံနှင့်တံဆိပ် အဓိပ္ပာယ်ဖော်ညွှန်းမှုမှာ ပါတီအလံ၏ နောက်ခံအပြာရောင်မှာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးစု များအားလုံး အေးအတူ ပူအမျှ ဥမကွဲ သိုက်မပျက် အတူတကွနေမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
အဖြူရောင်ကြယ် ၁၄ ခု စက်ဝိုင်း တည်ဆောက်ထားခြင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုတို့နဲ့ တိုင်းရင်းသားလူမျိုးစုများအားလုံးတို့ရဲ့ သဘော သဘာဝကို ဖော်ညွှန်းထားပါတယ်။
ခေတ်သစ်ပြည်ထောင်စုပါတီ စာလုံးအဝါရောင်မှာ “သီလ၊ သမာဓိနှင့် နည်းပညာ”တို့ကို ဖော်ညွှန်းထားပါတယ်။
NEU မှာ New Era Union Party ၏ အတိုကောက်စာလုံးဖြစ်ပြီး အစိမ်းရောင်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ညွှန်းပါတယ်။
ယနေ့ရွေးကောက်ပွဲဟာ လူ့လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် သေရေး ရှင်ရေးတမျှ အရေးကြီးသော ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်။ လွှတ်တော်တွင် ဥပဒေရေးရာ ဆွေးနွေးအကြံပြုနိုင်သူများ များများ ရောက်ရှိအောင် ဆောင်ရွက် ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား...
လူသစ်စိတ်သစ်ဖြင့် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ကြပါစို့။