နေပြည်တော် ဒီဇင်ဘာ ၃၁
အမျိုးသမီးငယ်များအား ပြည့်တန်ဆာအလုပ်အဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နေ ဒေါ်စန်းစန်းမြင့်(ခ) ဒေါ်ဖြိုးဖြိုးနှင့် ချမ်းမြသာစည်မြို့နယ်နေ ဒေါ်ဝေတို့က မန္တလေးတိုင်းဒေသကြီးချမ်းမြသာစည်မြို့နယ်နေ မ-----၊ ၁၄နှစ်ကို ဘီယာဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုစည်းရုံးခေါ်ဆောင်ပြီး အအေးနှင့် ဘီယာအရက်များ ရောင်းချသည့်ဆိုင်သို့ ပို့ဆောင်၍ ကာမဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း (ပ) ၂၉၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ- ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။ အောင်မြေသာစံခရိုင်တရားရုံးမှ ဒီဇင်ဘာ ၂၇ ရက်တွင် ဒေါ်စန်းစန်းမြင့် (ခ) ဒေါ်ဖြိုးဖြိုးနှင့် ဒေါ်ဝေတို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နေ ဒေါ်စန်းစန်းမြင့်(ခ) ဒေါ်ဖြိုးဖြိုးနှင့် ချမ်းအေးသာစံမြို့နယ်နေ မပြည့်ပြည့်ခိုင် (ခ) ဂျက်မတို့က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်နေ မ….. ၊ ၁၇နှစ်ကို အအေးနှင့် ဘီယာဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုစည်းရုံးခေါ်ဆောင်ပြီး ဘီယာဆိုင်တွင် လာရောက်သည့် အမျိုးသားများနှင့် ပြည့်တန်ဆာအလုပ်အဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း (ပ) ၂၉၂/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ- ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။ အောင်မြေသာစံခရိုင်တရားရုံးမှ ဒီဇင်ဘာ ၂၇ ရက်တွင် ဒေါ်စန်းစန်းမြင့် (ခ) ဒေါ်ဖြိုးဖြိုးနှင့် မပြည့်ပြည့်ခိုင် (ခ) ဂျက်မတို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နေ ဒေါ်စန်းစန်းမြင့် (ခ) ဒေါ်ဖြိုးဖြိုးက လိပ်စာတူနေ မ….. ၊ ၁၇ နှစ်ကို အအေးနှင့် ဘီယာဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုစည်းရုံးခေါ်ဆောင်ပြီး ဘီယာဆိုင်တွင် လာရောက်သည့် အမျိုးသားများနှင့် ပြည့်တန်ဆာအလုပ်အဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ်များရယူခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း(ပ) ၂၉၃/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ- ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။ အောင်မြေသာစံခရိုင်တရားရုံးမှ ဒီဇင်ဘာ ၂၇ ရက်တွင် ဒေါ်စန်းစန်းမြင့် (ခ) ဒေါ်ဖြိုးဖြိုးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နေ ဒေါ်နွယ်နွယ်အေး (ခ) ဒေါ်နွယ်က မှော်ဘီမြို့နယ် နေ မ-----၊ ၂၅ နှစ်၊ မ-----၊ ၂၀ နှစ်နှင့် မ-----၊ ၁၉ နှစ်တို့ သုံးဦးကို ဟော့ပေါ့ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ၆/၇ သိန်းကျပ် ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး ပြည့်တန်ဆာလုပ်ငန်းတွင် အဓမ္မခိုင်းစေကာ ငွေကြေးခေါင်းပုံဖြတ်ရယူခဲ့ကြသဖြင့် မှော်ဘီမြို့မရဲစခန်း (ပ) ၁၈/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။ မှော်ဘီခရိုင်တရားရုံးမှ ဒီဇင်ဘာ ၂၇ ရက်တွင် လူကုန်ကူးခံရသူသုံးဦးအပေါ် ကျူးလွန်ခဲ့ကြသည့် ဒေါ်နွယ်နွယ်အေး (ခ) ဒေါ်နွယ်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီအား သီးခြားစီဖြင့် နှစ် ၃၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နေ ဒေါ်မြင့်မြင့်စန်း၊ ဦးညိုဝင်း (ခ) ညွန့်ဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နေ ဦးဆန်းထူး (ခ) လက်ကပ်တို့သုံးဦးက ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်နေ မ-----၊ ၂၆နှစ်၊ ပုသိမ် မြို့နေ မ-----၊ ၂၀နှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နေ မ-----၊ ၃၀ နှစ်၊ မ-----၊ ၂၃ နှစ်နှင့် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နေ မ-----၊ ၃၂ နှစ်တို့ ငါးဦးကို စားသောက်ဆိုင်နှင့် KTV တို့တွင် အလုပ်လုပ်ကိုင်ရမည်ဟု ပြောဆိုစည်းရုံးကာ ထန်းရည်ဆိုင်သို့ ပို့ဆောင်၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသည့်ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့ကြသဖြင့် မြိတ်မြို့မ ရဲစခန်း (ပ)၁၀၆/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅၊ မြိတ်မြို့မရဲစခန်း (ပ) ၁၀၇/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ တို့ဖြင့် အသီးသီးအမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။ မြိတ်ခရိုင်တရားရုံးမှ ဒီဇင်ဘာ ၂၇ ရက်တွင် ဒေါ်မြင့်မြင့်စန်း၊ ဦးညိုဝင်း (ခ) ညွန့်ဝင်းနှင့် ဦးဆန်းထူး (ခ) လက်ကပ်တို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ တစ်မှုလျှင် အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်စီဖြင့် စုစုပေါင်း ၂၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်