Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြောင်းမြမြို့နယ် မြမျိုးသန့် မျိုးစေ့ထုတ်သမဝါယမအသင်း ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ် သရက်ချောင်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော သရက်ချောင်းကျေးရွာနှင့် ကုန်းစုကျေးရွာချင်းဆက်လမ်း အရှည် ၄ ဒသမ ၅ ဖာလုံ ခွဲကျောက်အမာခံခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့ညနေပိုင်းကလည်း မြောင်းမြမြို့နယ် သပြေချောင်ကျေးရွာသို့ သွားရောက်ပြီး မြမျိုးသန့်မျိုးစေ့ထုတ်သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသူ အသင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စပါးမျိုးများအပြင် ဆီထွက်သီးနှံနေကြာ၊ မြေပဲမျိုးများ ထုတ်လုပ်ရေး၊ ဧရာဝတီတိုင်းဒေသကြီး၌ ပြည်ထောင်စုရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို Pilot Project အဖြစ် ဆောင်ရွက်လျက်ရှိရာ သမဝါယမအသင်းစုချုပ်နှင့် သက်ဆိုင်ရာအသင်းစု၊ အခြေခံအသင်းများက အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ သမဝါယမစနစ်အောင်မြင်အောင် ပြည်သူလူထုက ယုံကြည်အားထားသော သမဝါယမအသင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မြို့နယ်သမဝါယမဦးစီးမှူးများသည် အဓိကတာဝန်ရှိသူများဖြစ်၍ တောင်သူများ မျိုးနှင့် သွင်းအားစုများ အချိန်မီရရှိရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရန် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သမဝါယမဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆင်းသုခ/ ပေါ်ထွန်းစပါးမျိုးများ ထုတ်လုပ်စိုက်ပျိုးနေသည့် မြမျိုးသန့်မျိုးစေ့ထုတ်သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်