လူ့သဘာဝအရ အခက်အခဲ အကျပ်အတည်းများနှင့် ကြုံရသည့်အခါ၊ စိုးရိမ်ကြောင့်ကြစရာများနှင့် ဒက်ထိ ရင်ဆိုင်ရသည့်အခါ စိတ်ရှုပ်ထွေးမှု ပူပန်မှုများ ဖြစ်ရသည်။ အထူးသဖြင့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ကိုယ်နိုင်နင်းစွာ ကျော်လွှားဖြတ်သန်းရန် အလွန်ခက်ခဲသည့် ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါတွင် စိတ်ဓာတ်ကျကာ လက်လျှော့ငိုကြွေးခြင်း သို့မဟုတ် မဆိုင်သည့်နေရာများတွင်ပါ ပြင်းပြင်းထန်ထန် ဖောက်ခွဲ ထွက်ပေါက်ပေးခြင်း စသည့် လွဲမှားသော တုံ့ပြန်မှုမျိုး ဖြစ်လေ့ရှိသည်။
သည်လိုအခါများတွင် မိမိကိုယ်ကိုယ် နာကျင်ထိခိုက်အောင် လုပ်ခြင်းသည်လည်းကောင်း၊ အိမ်တွင်း အကြမ်းဖက်ခြင်း၊ အားနည်းသူများပေါ် အနိုင်ကျင့်နှိပ်စက်ခြင်းသည်လည်းကောင်း စသည်တို့ ဖြစ်တတ်၏။ ထိုအခါများတွင် အဖြေမှန်မှန်ကန်ကန် မထွက်ဘဲ၊ ပြဿနာကို မဖြေရှင်းနိုင်ဘဲ မိသားစုတွင်း၌ နာကျင် ခံစားရမှု များဖြင့် အဆုံးသတ်လေ့ရှိ၏။
အချို့မိသားစုများတွင် အမျိုးသမီးများ၊ ကလေးငယ်များကို စိတ်ဓာတ်ရေးရာအရဖြစ်စေ၊ ကိုယ်ကာယကို နာကျင် အောင်ဖြစ်စေ အကြမ်းဖက်မှုများ ဖြစ်တတ်၏။ အရက်မူးလို့၊ ငွေရေး ကြေးရေးနှင့် စီးပွားရေးအခက်အခဲများက ပိုပိုဆိုးဆိုးလာ၍၊ အချို့မမျှော်လင့်သော အခြေအနေများ ဥပမာအားဖြင့် ယခုကာလတွင် ကြုံရသော ဗိုင်းရပ်စ် ရောဂါပိုးပြန့်ပွားမှုမျိုးကို စိုးရိမ်ပူပန်လွန်ကာ စိတ်ဖိစီးတင်းကျပ်လွန်း၍၊ အကန့်အသတ်များ၍ လူမှုဆက်ဆံရေး ကျဲပါးပြတ်တောက်ခြင်းကြောင့် အထီးကျန်သည့် စိတ်ခံစားမှုများက လွှမ်းမိုးလာ၍ မူးယစ်ဆေးဝါး များသုံးစွဲ၍ အစရှိသည့် အကြောင်းများကို အခြေခံကာ အကြမ်းဖက်မှုကို ကျူးလွန်ကြလေ့ရှိ၏။
ဤနေရာတွင် အချို့သောအစဉ်အလာနှင့် အရိုးစွဲလာသည့် လိင်ခွဲခြားသတ်မှတ် တန်ဖိုးထားမှုသည် လည်း အကျုံးဝင်လေ့ရှိ၏။ အမျိုးသမီးများ ကလေးများဟူသည် ထားရာနေ စေရသွားဖြစ်ရမည် ဟူသည့် အယူအစွဲ အမှားတို့ကလည်း အကြမ်းဖက်မှုများကို အားပေး လေ့၊ ဖန်တီးပေးလေ့ရှိ၏။
မူအရ ဆိုရပါလျှင် မည်သို့သော အကြောင်းကြောင့်နှင့် ဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ နာကျင် ထိခိုက်အောင် မလုပ်ရ။ ဒါကလူ့ကျင့်ဝတ်၊ လူ့စည်းကမ်းနှင့် ဥပဒေပဲဖြစ်ပါသည်။ မည်သူတစ်ဦး “တစ်ယောက်ဟု ဆိုရာတွင် မိမိကိုယ်ကိုယ်ပင်လျှင်လည်း နာကျင်အောင် မပြုလုပ်ရဟု ဆိုလို၏။
လူတစ်ဦးတစ်ယောက်ကို နာကျင်အောင်ပြုခြင်းကို တရား ဥပဒေက လက်မခံသလို လူ့အဖွဲ့အစည်း ကလည်း သည်းမခံနိုင်ပါ။ သည်လို အိမ်တွင်းအကြမ်းဖက်မှုများကို လူမှုအဖွဲ့အစည်းတွင်းရှိ လူတိုင်းက ဆန့်ကျင်ကြောင်း ဖော်ပြရန်လိုပါ၏။
မိမိပတ်ဝန်းကျင်တွင် အိမ်တွင်းအကြမ်းဖက်မှု တစ်စုံတစ်ရာ ရှိသည်ကို မြင်ရ၊ ကြားရလျှင် မသိကျိုးကျွန်မပြုဘဲ၊ ငြိမ်ဆိတ်မနေဘဲ ပူးပေါင်းကူညီခြင်းဖြင့် ဆန့်ကျင်ကြသင့်ပါသည်။ သည်လို အကြမ်းဖက်မှုများကို ကိုယ်တိုင်တွေ့ကြုံ ခံစားရသူများကလည်း ငြိမ်ဆိတ် မနေည့်ပါ။ မိမိနှင့် နီးစပ်ရာ သို့မဟုတ် မိမိယုံကြည်ရသူ တစ်ဦးဦးနှင့် ဖွင့်ဟတိုင်ပင်သင့်ပါသည်။ လောကကြီးထဲတွင် သည်လို အကြမ်းဖက်မှုများကို ဆန့်ကျင်သူက အများစုဖြစ်ပါသည်။ အကြမ်းဖက်ခံရသူများကို ကူညီလိုသည့် သူများက အများစု ဖြစ်ပါသည်။
လူမှုဝန်ထမ်း ဦးစီးဌာနကဲ့သို့သော ဤလိုတာဝန်ကို တိတိကျကျနှင့် ကျေကျေပွန်ပွန် ထမ်းဆောင်နေသည့် အဖွဲ့အစည်းများရှိ၏။ ဥပဒေအရ အကူအညီပေးမည့် အဖွဲ့အစည်းများလည်း ရှိ၏။ အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့ အစည်းများလည်း ရှိ၏။
မသူတော်များ၊ စိတ်ထားနိမ့်ကျသူများ၊ စိတ်ဓာတ်မူမမှန်သူများ၊ အကျင့်ပျက်သူများသာ အကြမ်းဖက်မှုကို ကျူးလွန်ကြသည်ဟု နလည်ကြရန်လိုပါသည်။ ရံဖန်ရံခါတွင် အချို့သော စိတ်နေမမှန် သူများက အကြမ်းဖက်သူထက်အကြမ်းဖက်ခံရသူများကိုအပြစ်ဆိုလေ့ ရှိ၏။ အကြမ်းဖက်ခံရသူက အနေအထိုင်မတတ်လို့၊ အကြမ်းဖက်ခံ ရသူက တစ်စုံတစ်ရာ အမှားပြုလို့ဟူ၍ ပြစ်တင်၍မရပါ။ အမှားပြုသူ ဖြစ်လျှင် ဥပဒေအရသာ ဖြေရှင်းခွင့်ရှိပါသည်။ အကြမ်းဖက်နည်းဖြင့် ဖြေရှင်း၍ မရပါ။
မည်သို့သော အကြမ်းဖက်မှုများမှာမဆို၊ အကြမ်းဖက်ခံရသူများမှာ အပြစ်မရှိ၊ အကြမ်းဖက်သူများ မှသော အပြစ်ရှိသည်ဆိုခြင်းကို အလေး အနက် သဘောပေါက်ကြရန် လိုပါသည်။
အကြမ်းဖက်မှုမှန်သမျှကို ဆန့်ကျင်ကြရန် လူတိုင်းတွင်တာဝန်ရှိပါသည်၊ လောကအကျိုးလိုလားသူတိုင်း ပါဝင်ပူးပေါင်းကူညီကြရန်လိုအပ်ပါသည်ဟု တင်ပြနိုးဆော်လိုက်ရပါသတည်း။ ။