မုံရွာ စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၀) ကို ယနေ့ နံနက် (၁၀)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာ (၂၇)ရက်နေ့ အထိ ပိုးတွေ့လူနာ (၃၉)ဦးရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ရန်ကုန်မှ ပြန်လည်ဝင်ရောက်လာသူ (၂၆)ဦး၊ မန္တလေးမှ ပြန်လာသူ(၁)ဦး ပြန်ပပြန်(၁)ဦးနှင့် ဒေသတွင်းကူးစက်မှုဟု ယူဆရသူ (၁၁)ဦးရှိပြီး မြို့နယ်(၁၇)မြို့နယ်တွင် ဆေးရုံ တက်ရောက်သူ(၃၉)ဦး၊ ကုသမှုခံယူဆဲ(၃၀)ဦး၊ ဆေးရုံဆင်း(၉)ဦးရှိပြီဖြစ်တဲ့အတွက် ဒေသတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများမှာ လွန်စွာမှ အရေးကြီးသောလုပ်ငန်းဖြစ်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသောဒေသ၊ Stay At Home သတ်မှတ်ထားသော ဒေသများမှ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဝင်ရောက်လာသူများအားလုံးကို လစ်ဟာမှုမရှိစေဘဲ ကန့်သတ်စောင့်ကြည့် ထားရှိနိုင်ရေး အရေးကြီး၍ တိုင်းဒေသကြီးအတွင်းရှိ မြို့အဝင်/အထွက်ဂိတ်များတွင် စစ်ဆေးမှုများကို အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ Stay At Home နှင့် ရောဂါဖြစ်ပွားရာဒေသမှ ပြန်လည်ရောက်ရှိလာသူများအား သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စနစ်တကျ ကန့်သတ်စောင့်ကြည့် (Quarantine) လုပ်နိုင်ရေးနှင့် ဒေသတစ်ခုတွင်လည်းကောင်း၊ ဒေသတစ်ခု ထက်ပို၍လည်းကောင်း ပြန့်ပွားမှု ဖြစ်ပွားလာပါက ယင်းဒေသရှိ ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် Community Quarantine ပြုလုပ်ရန်နှင့် လိုအပ်ပါက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
Community Quarantine ပြုလုပ်ရပါက မရှိမဖြစ် အရောင်းဆိုင်များ၊ ဆေးပစ္စည်းဆိုင်များ၊ စက်ရုံအလုပ်ရုံများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များ ချမှတ်ရန်အတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန် ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ စောင့်ကြပ်ကြည့်ရှုရမည့်သူများကို Community Based Facility Quarantine ထားရှိရမည့်နေရာများသို့ ပို့ဆောင်ရာတွင်လည်းကောင်း၊ သင်္ဂြိုဟ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စနစ်တကျလုပ်ငန်းများ ချမှတ်ပေးရန်နှင့် အဆိုပါလုပ်ငန်းစဉ်များနှင့်အညီ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီ တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ဆောင်ရွက်စေရန် လိုအပ်ပါကြောင်း။
ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်စေရေးအတွက် အများပြည်သူနေရာဌာနများတွင် Physical Distance ထားရှိခြင်း၊ အသိပညာဖြန့်ဝေခြင်း၊ လိုအပ်သည့် စည်းမျဉ်းများ ထုန်ပြန်ခြင်း စသည်တိုကို ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများ အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် နှင့် နယ်စပ်ဝင်ပေါက်များ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များမှ တရားမဝင် ဝင်/ထွက် သွားလာမှုများမရှိစေရေး၊ CBFQ များတွင် Complain Mechanism Team များ Complain Box ထားရှိရမှာဖြစ်ကြောင်း။
Coronavirus Disease 2019 (COVID-19) ကူးစက်မှုသည် ယခုထက်ပိုမို ကျယ်ပြန့်များပြားလာပါက ထိထိရောက်ရောက် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ရောဂါဖြစ်ပွားသည့်နယ်မြေ၊ ဒေသအလိုက်လုံခြုံရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများကို ကြိုတင်စီမံထားရန် လိုအပ်ပါကြောင်း၊ အဆိုပါနယ်မြေဒေသအတွင်း အခြေခံဝန်ဆောင်မှုများ ပုံမှန်ပေးနိုင်ရေး၊ အစားအစာနှင့်အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်တောက်မှုမရှိစေရေး၊ အထောက်အပံ့လိုအပ်သူများအတွက် အစားအစာနှင့်အခြေခံလိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရေး၊ အခြေခံ ကုန်စည် ပို့ဆောင်ရေး၊ အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရေး၊ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွဲ့စည်းထားရှိရေး၊ ဆေးဝါးကုသရေးအတွက် လိုအပ်သည့်ပစ္စည်းများနှင့် အဆောက်အအုံများကို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်များအနေဖြင့် ယခုကတည်းက စီမံချက်များအတိုင်း ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တက်ရောက်လာကြသည့် လုပ်ငန်း ဆပ်ကော်မတီများအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်