နေပြည်တော် စက်တင်ဘာ ၂၇
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၌ ယနေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်များသို့ မြစ်ရေ ဝင်ရောက်ခဲ့ရာ မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူနှင့် မြို့သစ်ကြီး ရပ်ကွက်တို့မှ အိမ်ထောင်စု ၉၇ စု၊ လူဦးရေ ၄၂၄ ဦးတို့သည် ရေဘေးကယ်ဆယ်ရေး စခန်းခြောက်ခုသို့ ခေတ္တပြောင်းရွှေ့ ခိုလှုံလျက်ရှိကြောင်း သိရသည်။
သွားရောက်ကြည့်ရှု
ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နေရာများသို့ ကချင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ ရွှေ့ပြောင်းကိစ္စများ၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရေဘေးသင့်ပြည်သူ ၄၂၄ ဦးအတွက် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၀၂၁၀၈ဝ ရှိ ဆန်ရိက္ခာ ခုနစ်ရက်စာ၊ အဝတ်နှာခေါင်းစည်းများနှင့် ဆပ်ပြာတောင့် များ ထောက်ပံ့ပေး ခဲ့သည်။
အလားတူ စက်တင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖားကန့်မြို့နယ် ရှဒူဇွပ်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် မိုးကောင်းချောင်းရေလျှံတက်ခဲ့ပြီး မြေနိမ့်ပိုင်း နေရာများသို့ ရေဝင်ရောက်ခဲ့ရာ နေအိမ် ၂၃ လုံး ရေစီးနှင့် မျောပါ ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၄၁၀ မှ လူဦးရေ ၂၈၇၅ ဦးတို့သည် ရေဘေးကယ်ဆယ်ရေး စခန်းလေးခုနှင့် ဆွေမျိုးများ နေအိမ်သို့ ခေတ္တ ပြောင်းရွှေ့ခိုလှုံခဲ့ရသည်။
ထောက်ပံ့
အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်း တန်ဖိုးငွေကျပ် ၉၉၈၃၇၄၄ ရှိ ဆန်ရိက္ခာ ခုနစ်ရက်စာ၊ အိမ်ဆောက် ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်း၊ အဝတ်နှာခေါင်းစည်းများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မိုးညှင်းခရိုင် ဦးစီးမှူးရုံးက ယနေ့ သွားရောက် ထောက်ပံ့ခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင် ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ် ချက်များကို လိုက်နာဆောင်ရွက်ကြရန်လည်း အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်