Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်

နေပြည်တော် စက်တင်ဘာ ၂၇

နိုင်ငံတကာခရီးသည် တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၂၁ ဦးအား ဒါကာမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။

၁၂၉ ဦးလိုက်ပါ

ထို့ပြင် အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဝါရှင်တန်မြို့ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ်သည့် (၅)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေရိကန် ပြည်ထောင်စုမှ ၁၀၈ ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ ၂၁ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၂၉ ဦး လိုက်ပါခဲ့ကြသည်။

တာဝန်ယူဆောင်ရွက်ပေး

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စစ်ဆေးရေး၊ သီးသန့် စီစဉ်ပေးသည့်နေရာ/သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့က သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

သတင်းစဉ်