နေပြည်တော် စက်တင်ဘာ ၂၇
လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးဇေယျက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံ ကြပါစေ ခင်ဗျား။ ကျွန်တော်ကတော့ လူ့ဘောင်သစ် ပါတီဥက္ကဋ္ဌ ဦးဇေယျ ဖြစ်ပါတယ်။
လူ့ဘောင်သစ်ပါတီ၏ သမိုင်းအကျဉ်းကို တင်ပြလိုပါတယ်။ “လူ့ဘောင်သစ်ပါတီဟာ ၁၉၈၈ ခုနှစ် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနောက်ပိုင်းတွင် မပြီးဆုံးသေးသော ဒီမိုကရေစီအရေး အတွက် ဗမာနိုင်ငံရေး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗ-က-သ)မှ ခေါင်းဆောင်များ က ဒီမိုကရေစီအရေး လှုပ်ရှားမှုအား ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လမ်းကြောင်း သုံးသွယ်ကို ချမှတ်ခဲ့ကြပါတယ်။
လမ်းကြောင်းသုံးသွယ်အရ အမျိုးသားနိုင်ငံရေးကို ကျယ်ပြန့်စွာလှုပ်ရှား ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံရေးပါတီ တစ်ရပ်အနေဖြင့် (ဗ-က-သ)များ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် များ၊ ဒေသန္တရသပိတ်ခေါင်းဆောင်များ အပါအဝင် အနယ်နယ် အရပ်ရပ်မှ ရှစ်လေးလုံးကျောင်းသား ခေါင်းဆောင်များဖြင့် လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှ ကျောင်းသားထုကိုယ်စားပြုပါတီ တစ်ရပ်အနေဖြင့် ရပ်တည်နိုင်ခဲ့ပြီး ၁၉၈၈-၉၀ နိုင်ငံရေးအခြေအနေများအရ ဒုတိယအကြီးမားဆုံး ပါတီတစ်ရပ်အနေဖြင့် ရပ်တည် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
၁၉၉၁ အောက်တိုဘာလခန့်တွင် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးဖိနှိပ်မှုများကြောင့် ပါတီဝင်အချို့ ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင်သွားခဲ့ရပါတယ်။
၁၉၉၁ ဒီဇင်ဘာ ၆ ရက်နေ့တွင် လူ့ဘောင်သစ်ပါတီတရားဝင်တည်ရှိမှုကို ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ဖျက်ခဲ့ပါတယ်။
ပါတီခေါင်းဆောင်များဟာ ပါတီလုပ်ငန်းစဉ်များအား ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် လူ့ဘောင်သစ် ပါတီဝင်များ၊ ပါတီအားဝန်းရံထောက်ခံအားပေးခဲ့ကြသော ပါတီဝင်သစ်/ဟောင်းများအား ပြန်လည်စုစည်းပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါ တယ်။
လက်ရှိနိုင်ငံရေး လိုအပ်ချက်များအရ တရားဝင်ပါတီတစ်ရပ်အဖြစ် ဆောင်ရွက်နိုင်ရန် “လူ့ဘောင်သစ်ပါတီ” New Society Party အတိုကောက် အားဖြင့် (NSP)အနေဖြင့် ရပ်တည်ခဲ့ရပါတယ်။
၁၉၈၈ ခုနှစ်က လူ့ဘောင်သစ်ပါတီ၏ မူလအလံတော်ကို အခက်အခဲ အကျပ်အတည်း များကြားမှ ၂၀၁၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် တရားဝင် ပြန်လည်ဆွဲကိုင်လွှင့်ထူနိုင်ခဲ့ပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျာ
ကျွန်တော်တို့ လူ့ဘောင်သစ်ပါတီရဲ့ ရည်ရွယ်ချက်များက
- ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဒီမိုကရေစီထွန်းကားရေး၊
- တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီတပ်ပေါင်းစုကြီး ပေါ်ထွန်းရေး၊
- ဒီမိုကရေစီစနစ်ကိုအခြေခံထားတဲ့ ခိုင်မာတောင့်တင်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး၊
-ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး တို့ဟာ ဆက်စပ်နေတာကြောင့် မလွဲမသွေဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
- ဒီမိုကရေစီစနစ်အရ အတိုက်အခံပုံစံကို လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပမှာ တရားဝင် ပေါ်ပေါက်ရေး၊
- ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့ ဖြစ်ပါတယ်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအနေနဲ့
- လွှတ်တော်ဟာ ဥပဒေနဲ့အညီ၊ ပြည်သူ့ဆန္ဒနဲ့အညီ ပေါ်ပေါက်တည်ထောင်ရတာဖြစ်တဲ့အတွက် လွှတ်တော်မှာ အချုပ်အခြာအာဏာကို အောက်ပါ မူတွေအရ ကျင့်သုံးပါမယ်။
(က) ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ဟာ တစ်ခုအပေါ်တစ်ခု စွက်ဖက် လွှမ်းမိုးခြင်းမရှိစေရ။ မဏ္ဍိုင် ၃ ရပ်ဟာ အပြန်အလှန် ထိန်းကျောင်းမှု (Check and Balance) ပြုရ၊ ရှိရမှာ ဖြစ်ပါတယ်။
(ခ) ဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ဆောင်ရွက်ရာမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းစတဲ့ လောကပါလတရားတို့နဲ့အညီ ဖြစ်စေရပါမယ်။
(ဂ) နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားဟာ ပြည်သူလူထုအပေါ် ဖိနှိပ်တဲ့သဘော မဖြစ်စေဘဲ ပြည်သူလူထု အကျိုးစီးပွား ကာကွယ်ဖြည့်ဆည်းတဲ့ပုံစံ ဖြစ်စေရပါမယ်။ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်(Good Governance) ထိရောက်စွာ ကျင့်သုံးရပါ မယ်။
(ဃ) ကိုးကွယ်ရာဘာသာမရွေး၊ ကျားမ မရွေး၊ ရာထူးဌာန နေရာမရွေး၊ လူမျိုး ဇာတိ မခွဲခြားဘဲ ဥပဒေအရ အညီအမျှဖြစ်စေရပါမယ်။
(င) တရားစီရင်ရေးမဏ္ဍိုင်ဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ကိုက်ညီပြီး ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တူညီတဲ့အဆင့်အတန်းနဲ့ လွတ်လပ်စွာ တည်ရှိစေရမယ်။ တရားလွှတ်တော်ဟာ လက်အောက်ရှိ တရားရုံးတွေကို လွတ်လပ်ပိုင်နိုင်စွာ ကွပ်ကဲနိုင်ရပါမယ်။ အမှုစစ်ဆေးခြင်းနဲ့ ဆုံးဖြတ်ခြင်း တွေကို အများပြည်သူရှေ့မှောက်မှာ ပွင့်လင်းမြင်သာမှုရှိရမယ်။
(စ) အစိုးရအုပ်ချုပ်မှုစနစ်ကို အထိန်းအကွပ်ပြုမယ့် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းစနစ် (Institution) တွေကို အားဖြည့်တည်ဆောက်ရပါမယ်။ ဥပမာ- ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်၊ လူ့အခွင့်အရေးကော်မရှင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ စသည်ဖြင့်။
(ဆ) အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်စည်းရုံးခွင့် ရှိစေရပါမယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျာ
(က) နိုင်ငံတကာဆက်ဆံရေးမှာ လွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံရေးမူဝါဒတွေကို ကျင့်သုံးမှာ ဖြစ်ပါတယ်။
(ခ) မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသတွင်းမှာ လတ်တလော ကိုဗစ်-၁၉ ကူးစက် ရောဂါ၊ အင်အားကြီးနိုင်ငံတွေရဲ့ ကုန်သွယ်ရေးစစ်၊ တောင်တရုတ်ပင်လယ်အရေးအခင်း၊ ဆက်ဆံရေးဆိုးရွားလာတဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းသစ် (Geopolitical and New Normal)နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီလိုအခြေအနေမှာ လွတ်လပ်တက်ကြွတဲ့ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်အဓိပ္ပာယ်ဖွင့်ဖို့ လိုအပ်လာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပထဝီဝင် နိုင်ငံရေး အခင်းအကျင်းသစ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး မူဝါဒဆန်းသစ်တွေးခေါ်မှုတွေ၊ တစ်စုံလုံး ခြုံစဉ်းစားတဲ့ မဟာဗျူဟာတစ်ရပ်နဲ့ လိုအပ်တဲ့အရင်းအမြစ်တွေ ဘယ်လိုစုစည်း မြှင့်တင်မလဲဆိုတဲ့ အစီအစဉ်တွေ ပူးပေါင်းညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်ကာကွယ်ရေးအနေနဲ့
(က) နိုင်ငံတော်မှာ ပြည်သူထံမှ ပေါက်ဖွားလာပြီး နိုင်ငံတော်နဲ့ပြည်သူတွေအတွက် ပြည်သူ့ဘက်မှ ရပ်တည်ပြီး အားထားရတဲ့၊ ပါတီနိုင်ငံရေးကင်းရှင်းတဲ့၊ ပြည်သူတွေချစ်တဲ့ တပ်မတော် ဖြစ်ရပါမယ်။
(ခ) လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးအကျပ်အတည်း၊ ဒီမိုကရေစီ ဖွံ့ဖြိုးမှုနဲ့ ကူးစက် ရောဂါဘေး၊ ရာသီဥတုဖောက်ပြန်ခြင်း ကပ်ဘေးတွေကို အတူရင်ဆိုင်ဖို့ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး တည်ဆောက်ကြရပါမယ်။
(ဂ) သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေအတွက် ပြင်ဆင်ထားတဲ့ အမျိုးသားကာကွယ်ရေး အင်အားစု ဖြစ်စေရပါမယ်။ သမားရိုးကျမဟုတ်တဲ့ခြိမ်းခြောက် မှုဆိုတာကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ရာသီဥတု သဘာဝဘေးနဲ့ မူးယစ်ဆေးပြဿနာ၊ နယ်စပ်ဖြတ် ကျော်မှုခင်းနဲ့ ကူးစက်ရောဂါတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
စီးပွားရေးရည်ရွယ်ချက်များအနေနဲ့
(က) နိုင်ငံတော်အစိုးရရဲ့ ပင်မရည်ရွယ်ချက်ဟာ ပြည်သူလူထုပျော်ရွှင်မှုကို ဖော်ဆောင်ပေးရေး ဖြစ်ပါတယ်။ အဲဒီလို ဖော်ဆောင်ဖို့ စီးပွားရေးတိုးတက်မှု၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွင်မကဘဲ စိတ်ပိုင်းနဲ့ ကျင့်ဝတ်ပိုင်း ဖွံ့ဖြိုးမှု၊ ဆင်းရဲချမ်းသာ မကွဲပြားဘဲ ကျား မ တန်းတူညီမျှမှု၊ ကျေးလက်နဲ့ မြို့ပြတန်းတူဖွံ့ဖြိုးမှု၊ လူမှုဖူလုံရေး တို့ပါ ထူထောင်ပေးမယ်။
(ခ) လွတ်လပ်တဲ့ဈေးကွက်အခြေပြု စီးပွားရေးစနစ်ကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ မဝေးလှတဲ့အတိတ်သမိုင်းမှာ စစ်အာဏာရှင် အစိုးရကြောင့် စစ်အခြေပြု ခရိုနီဝါဒပေါ်ပေါက်ခဲ့ပါတယ်။ ဈေးကွက်ကိုလည်း လူနည်းစုက လက်ဝါးကြီးအုပ်ထားပြီး လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်မရဘဲ ပုံပျက်ယွင်းနေတဲ့ ဈေးကွက်ဖြစ်နေပါတယ်။ ဈေးကွက်ကို ထိန်းကျောင်း မယ့်ဥပဒေတွေလည်း အခိုင်အမာမရှိသေးပါဘူး။ အဲဒီလို ပျက်ယွင်းနေတဲ့ ဈေးကွက်ကို ပြန်လည်တည့်မတ်ရမှာ ဖြစ်ပါတယ်။
(ဂ) ခရိုနီတွေကိုလည်း အမျိုးသားလုပ်ငန်းရှင်တွေအဖြစ် စည်းရုံးသိမ်းသွင်းပြီး ပြည်တွင်း ထုတ်ကုန်စွမ်းအား မြင့်မားစေတဲ့ အင်အားစုတွေဖြစ်အောင် တည်ဆောက်သွားရမှာ ဖြစ်ပါ တယ်။ စက်မှုဇုန်တွေကိုလည်း အားပေး မြှင့်တင်သွားမယ်။ အလုပ်ရှင်နဲ့ အလုပ်သမား ဝါဏိဇ္ဇ ပဋိပက္ခဖြေရှင်းရေးကို တရား ဥပဒေနဲ့အညီ ဖြစ်စေရမယ်။
(ဃ) လယ်ယာစနစ်တွေအတွက် တောင်သူလယ်သမားကြီးများကို အစွမ်းရှိသမျှ အလုံးစုံ ထောက်ပံ့ ကူညီပေး သွားမယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
(က) မြန်မာနိုင်ငံမှာ မပြီးဆုံးသေးတဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ နိုင်ငံတော်တည်ဆောက်ရေးနဲ့ ပြည်ထောင်စု ကြန်အင်လက္ခဏာတည်ဆောက်ရေး ဆက်လက်ဆောင်ရွက်သွားပါမယ်။ နှစ် ၇၀ ကျော် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေးကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်။ ပြည်တွင်း ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို အခြေခံကျကျ အမြန်ဆုံးဆောင်ရွက်သွားမယ်။
(ခ) ပြည်သူလူထုတစ်ရပ်လုံး နေ့စဉ်ကြုံနေရတဲ့ဘဝထဲမှာပါ နေ့စဉ် ဘဝ ငြိမ်းချမ်းရေးကို တည်ဆောက် ပေးရမယ်လို့ ယုံကြည်ထားပါတယ်။
(ဂ) သဘာဝပတ်ဝန်းကျင်အတွက် သစ်တောနဲ့ သယံဇာတရင်းမြစ်တွေ အတိုင်းအဆမရှိ မမှန်မကန် သုံးနေတာကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းတာတွေ၊ ဂေဟစနစ် ပျက်စီးတာတွေ၊ ရာသီဥတု ဖောက်ပြန် တာတွေအတွက် လုပ်ငန်းအစီအစဉ်တွေ ချမှတ်အကောင် အထည်ဖော်သွားမယ်။ သဘာဝဘေးနဲ့ ကပ်ရောဂါ ဘေးလျှော့ချပြင်ဆင်ဖို့ ရန်ပုံငွေတစ်ရပ် ထူထောင် သွားမယ်။
နိဂုံးအနေနဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား
ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့ဟာ မလွဲမသွေ ဆက်စပ်ဆောင်ရွက်သွားရမယ့် အခြေခံအချက်တွေ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေး အခြေအနေအရ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေ ချွတ်ခြုံကျနေပါတယ်။ ပြည်သူတွေ ခါးစည်းခံနေရတဲ့ လူမှုဒုက္ခတွေကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ပြောင်းလဲရေး၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စု သားချင်းများ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး တို့အတွက် တိုင်းရင်းသား ညီအစ်ကို တော်များ၊ ဒီမိုကရေစီအင်အားစုများ၊ ပြည်သူလူထုတစ်ရပ်လုံးနဲ့ လက်တွဲ ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ပြုပါတယ်။ လူ့ဘောင်သစ် ပါတီ(NSP)အနေဖြင့် လွှတ်တော်တွင်းတွင် ပြည်သူလူထု အကျိုးသယ်ပိုးဆောင်ရွက် နိုင်ရန်အတွက် ထောက်ခံဆန္ဒမဲပေးကြပါရန် ပန်ကြားအပ်ပါတယ်။
ဒီမိုကရေစီရေး မုချအောင်ရမည်။
လူ့အခွင့်အရေး မုချအောင်ရမည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရမည်။
လူမှုဘ၀တိုးတက်ဖို့ .................................. လူ့ဘောင်သစ်ပါတီကို မဲပေးစို့
လူ့ဘောင်သစ်ပါတီ
အားလုံးကိုကျေးဇူးတင်ပါတယ်။
လူ့ဘောင်သစ်ပါတီ
သံစဉ်+စာသား - ဝင်းမော် (ရွှေသံစဉ်)
တေးသံရှင် - မင်းခ
တေးဂီတ - ရွှေသံစဉ်
ဒီမိုကရေစီရေး ... ငြိမ်းချမ်းရေး ... အမျိုးသားပြန်လည်သင့်မြတ်ရေး ... လူမှုတိုးတက်ရေး ...
အနှေးအမြန်လုပ်နိုင်မှာ ... လူ့ဘောင်သစ်ပါတီပါ ... ခေတ်စနစ်ကိုပြောင်းလဲစေကာ ...
လူ့ဘောင်သစ်၊ အာဏာရှင်ကိုရွေ့နိုင်တာ လူ့ဘောင်သစ် ... လူမွဲတွေကို ... ပြောင်းလဲစေတာ... လူ့ဘောင်သစ် ... (လူ့ဘောင်သစ်)၃ ...
၈၈ ကျောင်းသားသမဂ္ဂများမှ မွေးဖွားခဲ့သည် ... လူ့ဘောင်သစ်ပါတီ ... ၈၈
ခွပ်ဒေါင်းမျိုးဆက်များမှ ... မွေးဖွားခဲ့သည် ... လူ့ဘောင်သစ်ပါတီ ... ပြည်သူအတွက် ...
ရှေ့မှရပ်တည် ... လူ့ဘောင်သစ်ပါတီ (ပါတီ)၄ ... လူ့ဘောင်သစ်ပါတီ
(ခေါင်းပျံကိုဒေါင်းလှန်နဲ့တိုက်ခဲ့တာ လူ့ဘောင်သစ်ပါတီ)၂၊ (လူ့ဘောင်သစ်)၃... လူ့ဘောင်သစ်
... ခေတ်ပြောင်းကြစို့၊ လူ့ဘောင်သစ်ကို ... ဒို့ကြိုဆိုကြစို့၊ ဒို့ကြိုဆိုကြစို့