ရန်ကုန် ဒီဇင်ဘာ ၂၅
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်သည် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံစဉ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ ဌာနတာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာများက ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်အရင်းအနှီးများ အဓိကပံ့ပိုးထုတ်ချေးပေးလျက်ရှိသည့် နိုင်ငံတော်ဘဏ်ကြီး တစ်ဘဏ်ဖြစ်ကြောင်း၊ Customer များဖြစ်ကြသည့် တောင်သူများအပေါ် စေတနာထား၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးကြရန်လိုကြောင်း၊ ထုတ်ချေးငွေအပေါ်တွင်လည်းကောင်း၊ တောင်သူများက ပြန်လည်ပေးဆပ်သည့်ငွေများအပေါ်တွင်လည်းကောင်း ငွေကြေးအလွဲသုံးစားမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများက အဆင့်ဆင့်ထိရောက်စွာ ကြီးကြပ်စစ်ဆေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဘဏ်နှင့်ဆက်သွယ်သူ တောင်သူဦးရေများပြားသည်နှင့်အမျှ ကြွေးကျန် (NPL) များလည်း ဖြစ်ပေါ်နေသဖြင့် ကြွေးကျန်များ ပြန်လည်ကောက်ခံရရှိရေးကိုလည်း သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ချေးငွေအကြံပေးအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ ထိရောက်စွာ စီမံဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်