Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၉

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် ၁၆ ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဗဟိုသမဝါယမအသင်းကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက သမဝါယမကဏ္ဍဖြင့် စိုက်ပျိုးသော ဆီထွက်သီးနှံ(နေကြာ)စိုက်ဧက ၁၀၀၂၆၈ ဒသမ ၆၇ ဧကအတွက် ငွေကျပ် ၁၈ ဒသမ ၃၂၆ ဘီလီယံတို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ဘတ်ဂျက်ငွေနှင့် အသင်းပိုင်ငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်ကြောင်း၊ ရုရှားနိုင်ငံထုတ်ရွက်ဖျန်းသဘာဝမြေဩဇာသည် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သည့်အတွက် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ရန်လိုကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ပေးဆပ်ရမည့် ချေးငွေကျန်များကို ယခုဘဏ္ဍာနှစ်အတွင်းမှာ ပေးဆပ်သွားကြရန်လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်အတွင်း ငွေကျပ် ၆၃ ဘီလီယံပေးဆပ်ရမည်ဖြစ်ပြီး ယနေ့ထိ ငွေကျပ် ၁၉ ဒသမ ၇၀ ဘီလီယံပေးသွင်းခဲ့သည့်အတွက် ပေးသွင်းရန်ကျန် ငွေကျပ် ၄၃ ဒသမ ၃၀ ဘီလီယံအပေါ် ဘဏ္ဍာနှစ်သုံးလပတ် အလိုက်ပေးသွင်းရန် သတ်မှတ်ထားသောပမာဏများအတိုင်း သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်သမဝါယမအသင်းစုချုပ်များက အပြေအကျေပေးသွင်းသွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဗဟိုသမဝါယမအသင်းကိုယ်စားလှယ်နှင့် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်