နေပြည်တော် ဒီဇင်ဘာ ၁၈
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းမီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန်၊ ဒေသတွင်းပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံအချင်းချင်းသာမက မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အရှိန်အဟုန်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပသည့် (၁၉)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ Royal Orchid Sheraton Hotel ၌ ကျင်းပရာ အာဆီယံနိုင်ငံများမှ ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ထိုင်းနိုင်ငံ သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ရေးရာဝန်ကြီးများနှင့် ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက “မီးခိုးမြူငွေ့ကင်းစင်သော အာဆီယံ” အောင်မြင်ရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒ၊ မူဘောင်များကို အကောင်အထည်ဖော် ဆောင်ရွက်တိုးတက်မှုသည် အဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများကို အခြားအာဆီယံနိုင်ငံများနှင့်အတူ အလေးအနက်ထား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်း Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအခြေအနေ၊ ခြောက်သွေ့ရာသီတွင် မီးခိုးမြူငွေ့ဖြစ်ပေါ်နိုင်သည့် မိုးလေဝသခန့်မှန်းချက်နှင့် နိုင်ငံအလိုက် မီးခိုးမြူငွေ့လျှော့ချရေး ဆောင်ရွက်နေမှုအခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ(၂၀၂၃-၂၀၃၀)၊ အာဆီယံသစ်ဆွေးမြေ စီမံအုပ်ချုပ်မှုမဟာဗျူဟာ(၂၀၂၃-၂၀၃၀)နှင့် မီးခိုးမြူငွေ့ကင်းစင်၍ ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲရေးအတွက် အာဆီယံရင်းနှီးမြှုပ်နှံမှု မူဘောင်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန တည်ထောင်ရေးဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
ယခုအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရန်၊ Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဒေသတွင်းမူဝါဒ၊ မူဘောင်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အချက်တို့ကို အတည်ပြုခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ညနေပိုင်းတွင် ကျင်းပသည့် ကြိုဆိုနှုတ်ဆက်ညစာစားပွဲ အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်