ရန်ကုန် စက်တင်ဘာ ၂၅
ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် ထိတွေ့ဆက်စပ်သည့်သူများ ထားရှိရန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် ရန်ကင်းပညာရေးကောလိပ်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့က ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)၊ ဝေဘာဂီအထူးကုဆေးရုံ၊ တောင်ဥက္ကလာပအထူးကုဆေးရုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)အောင်မြင့်မိုရ် အိမ်ရာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမအိမ်ရာ၊ လှိုင်တက္ကသိုလ်၊ သုဝဏ္ဏဘောလုံး အကယ်ဒမီကျောင်း အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ နေရာအချို့အား ကိုဗစ်-၁၉ ယာယီဆေးရုံနှင့် Quarantine စင်တာများအဖြစ် အသုံးပြုပြီး ကိုဗစ်-၁၉ အတည်ပြုလူနာများ၊ လူနာများနှင့် ထိတွေ့ဆက်စပ် သည့် သူများအား အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှု၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း ယခုရက်ပိုင်း၌ ကိုဗစ်-၁၉ လူနာအတည်မပြုရသေးသော စောင့်ကြည့်လူနာများ များပြား လာ၍ ၎င်းတို့အား ကန့်သတ်စောင့်ကြပ်ကြည့်ရှုနိုင်ရန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် ရန်ကင်းပညာရေးကောလိပ်တို့အား ကြည့်ရှုစစ်ဆေးရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်၊ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်နှင့် ရန်ကင်းပညာရေးကောလိပ်၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြတ်စိုးတို့က စာသင်ဆောင်များ၊ ကျောင်းသား/ကျောင်းသူ အိပ်ဆောင်များကို ရှင်းလင်းပြင်ဆင် ဆောင်ရွက်ထားရှိမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်၊ ဒေါက်တာဇော်ဝေစိုးတို့က ဖြည့်ဆည်းဆောင်ရွက်ပေးမည့်များကို ရှင်းလင်းပြောကြားခဲ့ပြီး အဆောင်များအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဒေါက်တာဇော်ဝေစိုးတို့သည် အောင်မြင့်မိုရ်နှင့်ရိုးမယာယီ ဆေးရုံသို့ သွားရောက် ပြီး အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံပြီး ကန့်သတ်စောင့်ကြပ်ကြည့်ရှုထားရှိသူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများ၊ နေထိုင်စားသောက်ရေး အခြေအနေများကို ဂရုတစိုက်ဆောင်ရွက် ပေးကြရန်မှာကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)