နေပြည်တော် ဒီဇင်ဘာ ၁၆
ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့်လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ပြင်ပဥပဒေပညာရှင်အဖွဲ့ဝင် ၁၁ ဦးမှာ In Person ဖြင့် တက်ရောက်ပြီး ကျန်အဖွဲ့ဝင်လေးဦးမှာ Video Conferencing ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင်ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ယခင်အင်္ဂလိပ်ကိုလိုနီခေတ်၌ အင်္ဂလိပ်ဘာသာဖြင့်ပြဋ္ဌာန်းခဲ့သည့်ဥပဒေများအနက် ကော်မရှင်က ဘာသာပြန်ဆိုရန် တာဝန်ရှိသည့်တည်ဆဲဥပဒေစုစုပေါင်း ၈၁ ရပ်ရှိကြောင်း၊ ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေပုဒ်မ ၁၂ အရ ကော်မရှင်က မြန်မာဘာသာပြန်ဆို၍ အတည်ပြုအမိန့် ထုတ်ပြန်ကြေညာထားသော ဥပဒေများသည် မူလစာမူနှင့်အလားတူ အာဏာတည်မည်ဖြစ်ပြီး ထိုသို့ထုတ်ပြန်ကြေညာထားသော ဘာသာပြန်ဆိုချက်ပါ ဖော်ပြချက်တစ်ရပ်သည် မူလစာမူနှင့်ကွဲလွဲပါက အဆိုပါဖော်ပြချက် တစ်ရပ်နှင့်စပ်လျဉ်း၍မူလစာမူကို အတည်ယူရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ (The Myanmar Stamp Act) ကိုလည်း စာအုပ်အမှတ် (၁၅) အဖြစ် မကြာမီပုံနှိပ်ထုတ်ဝေနိုင်တော့မည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ဥပဒေ ၆ ရပ်ဖြစ်သည့် The Bills of Lading Act (သင်္ဘောကုန်တင်တန်ဆာအက်ဥပဒေ)၊ The District Cesses Act (ခရိုင်ခိုင်ကြေးအက်ဥပဒေ)၊ The Religious Societies Act (ဘာသာရေးအသင်းအဖွဲ့များ အက်ဥပဒေ)၊ The Obstructions in Fairways Act (ရေကြောင်းအတားအဆီးများအက်ဥပဒေ)၊ The Myanmar Territorial Force Act (မြန်မာနိုင်ငံပိုင်နက်နယ်မြေတပ်ဖွဲ့အက်ဥပဒေ)၊ The Evidence Act (သက်သေခံအက်ဥပဒေ) တို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး ဘာသာပြန်ဆိုချက်များ တည့်မတ်မှန်ကန်စေရေးအတွက်အားလုံးက ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များမှ အဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးကြပြီး အစည်းအဝေးကို နှစ်ရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်