Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသိကြားပုန်းဘုရား အနေကဇာတင်ခြင်းမင်္ဂလာအခမ်းအနား တက်ရောက်

ညောင်ဦး ဒီဇင်ဘာ ၁၅

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရားအမှတ်-၂၃၅ (သိကြားပုန်းဘုရား) ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော် ဩဝါဒါစရိယ မြစ်ကြည့်တိုက် ရုပ်စုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ် အမှူးပြု၍ ပင့်သံဃာဆရာတော်ကြီး ကိုးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ မြစ်ကြည့်တိုက် ရုပ်စုံကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများ ချီးမြှင့်သော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရှေးဟောင်းဘုရားကို ခေတ်အဆက်ဆက် ပြုပြင်လှူဒါန်းခဲ့သည့် အလှူရှင်များနှင့် လှူဒါန်းမှုအစုစုတို့အတွက် မြစ်ကြည့်တိုက် ရုပ်စုံကျောင်းတိုက် အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလအတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် တောင်ဘီကျေးရွာအနောက်ဘက် နတ်ထောင့်ကျောင်းတိုက် အနီးရှိ ရှေးဟောင်းဘုရားအမှတ်-၁၉၈၃ (ဆုတောင်းပြည့်ဘုရား)၏ တိုက်မမြောက်ဘက်နံရံနှင့် တိုက်မအထက်ရှိ ကွမ်းတောင်နှင့် အထွတ်စေတီတို့ ထိခိုက်ပျက်စီးခဲ့ရာ ကနဦးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအနေဖြင့် သဲခဲများ ရှင်းလင်းခြင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းခွင်ကိုလည်းကောင်း၊ ရွာဟောင်းကြီးဘုရားအနီးရှိ ရွာဟောင်းကြီးရေကန်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရှေးမူမပျက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်