Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက္ကသိုလ်များဆေးရုံ (ရန်ကုန်) တွင် သွားနှင့်ခံတွင်းလူနာများနှင့် မျက်စိရောဂါလူနာများ ကုသပေးမှုကို ကြည့်ရှုအားပေး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၏ လေးထပ်ကုသဆောင်သစ် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၁၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် တက္ကသိုလ်များဆေးရုံ (ရန်ကုန်) သို့ သွားရောက်၍ တက္ကသိုလ် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အများပြည်သူများအတွက် သွားနှင့်ခံတွင်းဌာန ဖွင့်လှစ်ကုသနေမှုကို သွားရောက်ကြည့်ရှုပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ဖိတ်ခေါ်ထားရှိသည့် သက်ကြီးရွယ်အို ၂၉ ဦး၊ တက္ကသိုလ်ပေါင်းစုံမှ အငြိမ်းစားတက္ကသိုလ် ဆရာ ဆရာမ၊ ဝန်ထမ်းမိသားစုများ ၁၅ ဦး စုစုပေါင်း ၄၄ ဦးကို အံကပ်များ တပ်ဆင်ပေးနေမှု ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်သူလူထုအခြေပြု ပဏာမမျက်စိကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာ ၁၅ ဦးကို တက္ကသိုလ်များဆေးရုံ (ရန်ကုန်)တွင် ဖွင့်လှစ်ထားသည့် မျက်စိခွဲစိတ်ကုသဆောင်၌ ခွဲစိတ်ကုသနေမှုများကို လှည့်လည်ကြည့်ရှုပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် အဖွဲ့ဝင်များနှင့်အတူ ခွဲစိတ်ပြီးလူနာများကို မျက်မှန်နှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်များဆေးရုံ (ရန်ကုန်) ၏ ပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ ဆေးကုသဆောင်နှင့် အထူးကုပြင်ပလူနာဌာန အဆောက်အဦများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြား သည်။

အထပ်လိုက် လိုက်လံစစ်ဆေး

ထို့နောက် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ သွားရောက်၍ ဆေးရုံဝင်းအတွင်း အသစ်တည်ဆောက်ပြီးစီးထားသည့် လေးထပ်ကုသဆောင် သစ်အဆောက်အဦအတွင်း အခန်းများ ဖွဲ့စည်းထားရှိမှုနှင့် အသုံးပြုမည့်အစီအစဉ်တို့ကို အထပ်လိုက် လိုက်လံစစ်ဆေးပြီး အဆောက်အဦသစ်အတွင်း အခန်းများ နေရာချထားမှုနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှာကြားသည်။

အဆိုပါအဆောက်အဦသည် ၁၈၂ ပေ x ၆၄ ပေ လေးထပ် RC အဆောက်အဦဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၁) က တာဝန်ယူဆောက်လုပ်ခဲ့ကာ ကျန်းမာရေးဝန်ကြီးဌာန ရန်ပုံငွေ စုစုပေါင်းငွေကျပ် ၂၁၁၆ ဒသမ ၆၆၄ သန်း ကုန်ကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

သတင်းစဉ်