နေပြည်တော် ဒီဇင်ဘာ ၁၃
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၄၀၀ ဖြင့် သမ ဝါယမဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ အဆိုပါစီမံကိန်းတွင် ပါဝင်သော ဓနုဖြူမြို့နယ် ထီကွေ့ကျေးရွာ ငွေတိုးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ ဝက်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးသမဝါယမအသင်းသားများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဓနုဖြူမြို့နယ် ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခေတ်မီစံပြကျေးရွာထူထောင်ရေးရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ကျေးရွာဘက်စုံသုံးခန်းမဖွင့်ပွဲသို့ တက်ရောက်ကာ အခမ်းအနားဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံကာ ကျေးရွာတွင်းလမ်းများနှင့် ကျေးရွာရေပေးရေးစနစ် ဆောင်ရွက်ပေးထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့ ဒက္ခိဏာရုံကျောင်းတိုက် သို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကန်တော့ကာ ပရဟိတကို တည်ထောင်ခဲ့သော ဆရာတော်ကြီးများ၏ မွေးနေ့အထိမ်းအမှတ်အလှူနှင့် လေးမျက်နှာမြို့ အ.ထ.က၊ အလကကျောင်းများ၏ မြတ်ဆရာပူဇော်ပွဲ၊ လှော်ကထားအခြေခံပညာအထက်တန်းကျောင်း မြတ်ဆရာပူဇော်ပွဲတို့အတွက် အလှူငွေများ လှူဒါန်းကာ လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးသစ်တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသော ခတ္တူကြိုးတံတား ၁၆၅ ပေ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အနော်ရထာမင်းကြီး တည်ထားခဲ့သော သမိုင်းဝင်စတုမုခထူပါရုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကန်တော့ကာ ငဝန်မြစ်ကမ်းထိန်းရေလွှဲ ရေကာသုံးခုတည်ဆောက်နေမှုနှင့် Bored Pile အခြေပြု RCC Mid Wall တည်ဆောက်နေမှုကို ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တူရိုးကွန်ကရစ်တံတား ပေ ၈၀ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကတက်ကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင် (ဆီထွက်သီးနှံ) စိုက်ပျိုးနေသောတောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံနေကြာစိုက်တောင်သူများအတွက် သဘာဝမြေဩဇာများ ပေးအပ်သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာမှ ရယူခဲ့သော တစ်ဧက တင်း ၁၀၀ ကျော် ထွက်ရှိသည့် မြေပဲမျိုးဖြင့် ကတက်ကုန်းကျေးရွာမှ တောင်သူ ဦးအုန်းမြင့် စမ်းသပ်စိုက်ပျိုးနေသော စိုက်ခင်းသို့ သွားရောက်အားပေးကြည့်ရှုပြီး ဗောဓိကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံနေကြာနှင့် မြေပဲတို့ကို တိုးချဲ့စိုက်ပျိုးရန်မှာကြားပြီး အလှူရှင် ဦးကျော်ဝင်းနိုင် လှူဒါန်းသော သိမ်းငှက်တံဆိပ်သဘာဝမြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်