Skip to main content

ဒုတိယဝန်ကြီး ဦးဌေးလှိုင် ဝန်ကြီးဌာန၏ ဥပဒေအသိပညာပြန့်ပွားရေးဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဥပဒေအသိပညာပြန့်ပွားရေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအကြံပေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဆန်းလင်းက ဥပဒေ၏အခြေခံသဘောတရား၊ ဥပဒေအရင်းအမြစ်များနှင့် ဥပဒေပြုခြင်း၊ ဥပဒေအမျိုး အစားခွဲခြားခြင်း၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ ဥပဒေသမိုင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ဖွဲ့စည်းမှုအကြောင်းကိုလည်းကောင်း၊ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလှိုင်က ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုများတွင် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ တိုင်တန်းခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊ ရာဇသတ်ကြီးပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် အထူးဥပဒေများပါ ပြစ်မှု၊ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောကြပြီး ဝန်ထမ်းများက ဥပဒေများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဥပဒေပညာရှင်များက ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်က မိမိတို့ဝန်ကြီးဌာနသည်ဌာနမှ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူကို ဝန်ဆောင်မှုပေးရသော ဌာနတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် ယင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ကျွမ်းကျင်ပိုင်နိုင်ကြရန် လိုအပ်သည့်အပြင် နိုင်ငံတော်က ပေးအပ်သည့် အခြားသောလုပ်ငန်းတာဝန်များကိုလည်း ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်က ထုတ်ပြန်ပြဋ္ဌာန်းထားသည့်ဥပဒေများကို သိရှိနားလည်ကာ လုပ်ငန်းများဆောင်ရွက်ရာ၌ ဥပဒေဘောင်အတွင်းမှ အဂတိတရားကင်းရှင်းစွာ စနစ်တကျဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ရည်မှန်းချက်တာဝန်များကို ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သီးခြားပေးအပ်သည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်နှင့် ဥပဒေဆိုင်ရာ အသိပညာများ တိုးပွားစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်