Skip to main content

ကိုယ့်ဘေးမှာ ကိုဗစ်ရောဂါပိုး အမြဲရှိနေတယ်လို့ ယူဆပါ။ ဘယ်သူ့မှာပိုးမရှိဘူးဆိုတာ ဘယ်လိုမှ ပြောမရတဲ့ အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘယ်လိုမှ ပြောမရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲတွေ့တွေ့ ခြောက်ပေအကွာကနေ တွေ့ပါ။

ကလေးသူငယ်များအား  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး  ရန်ကုန်ကလေးဆေးရုံကြီး ဆေးကုသဆောင်များ၏ တာဝန်ခံ ကလေးအထူးကုဆရာဝန်ကြီး၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ကလေးဆိုင်ရာ  ဆေးပညာဌာန ပါမောက္ခ (ဌာနမှူး)၊ အာဆီယံကလေးအထူးကုဆရာဝန်များ အသင်းချုပ်၏   လက်ရှိ ဥက္ကဋ္ဌ ဒေါက်တာ ရဲမြင့်ကျော်နှင့် မြန်မာ့ရုပ်မြင်သံကြားမှ  သတင်းအဖွဲ့က  စက်တင်ဘာ ၂၃ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-

ဒေါက်တာရဲမြင့်ကျော် 

ကလေးအထူးကု ဆရာဝန်ကြီး

ပါမောက္ခ (ဌာနမှူး)

ကိုဗစ်ကာလမှာ ကျွန်တော် တာဝန်ယူထားရတာက  ကလေးသူငယ်တွေမှာ  ကိုဗစ် Positive တွေ့ရှိရင်၊ ကိုဗစ်ရောဂါဖြစ်ပွားလာခဲ့ရင် သို့မဟုတ် ကိုဗစ် Positive  ဖြစ်တဲ့ လူကြီးတွေနဲ့ ထိတွေ့မှုရှိခဲ့ရင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ Guideline တွေကို ဦးဆောင်ရေးဆွဲရပါတယ်။

နောက်တစ်ခုက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်    Positive ဖြစ်တဲ့ကလေးတွေရဲ့စာရင်းကို နေ့စဉ်ပြန်လည်သုံးသပ်ပြီး ဘယ်ကလေးက ဘယ်ဆေးရုံမှာ ဘယ်လိုကုသမှုမျိုးခံယူသင့်တယ်ဆိုတဲ့အချက်ကို    ဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။

ဒီနေ့ ကျွန်တော့်အနေနဲ့ အဓိက ပြောကြားချင်တာက နှစ်ချက်ရှိပါတယ်။

နံပါတ်တစ်အချက်က ကလေးတွေ ကိုဗစ်ဖြစ်ပွားခြင်းနဲ့ပတ်သက်လို့ ကလေးတွေကို လူကြီးတွေက ပိုပြီးစိတ်ပူတတ်ပါတယ်။ သို့သော်   ကိုဗစ်ရောဂါရဲ့ ထူးခြားချက်က ကလေးတွေမှာ ရောဂါလက္ခဏာပြင်းထန်လေ့ မရှိပါဘူး။ အခုအချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာရင်းရှိ ကိုဗစ် Positive ဖြစ်တဲ့ အသက် ၁၂ နှစ်အောက် ကလေးသူငယ် ၂၂၆ ဦး ရှိပါတယ်။ နယ်တွေမှာက ဒီထက်နည်းပါတယ်။   အင်မတန်အဖြစ်များခဲ့တယ်လို့ လူသိများတဲ့ ရခိုင်ပြည်နယ်ရှိ ကလေးသူငယ်တွေမှာ ရောဂါဖြစ်ပွားမှုက ဒီထက်အများကြီးနည်းပါတယ်။  ဒီကလေးတွေမှာ ရောဂါပြင်းထန်မှုလက္ခဏာမရှိသလောက် ဖြစ်ပါတယ်။

ကျွန်တော့်ဆီမှာ မကြာသေးခင်က ဆေးရုံဆင်းသွားတဲ့ကလေးတစ်ယောက် ရှိပါတယ်။ ဒီကလေးက အသက်ရှူစက်တပ်ရတဲ့အထိ မရောက်ပါဘူး။ ဒါပေမယ့် အောက်ဆီဂျင်ပေးရတဲ့အဆင့်အထိ ပြင်းထန်ခဲ့ပြီး ယခု ပြန်ကောင်းသွားလို့ ဆေးရုံကနေဆင်းသွားပါပြီ။ နယ်တွေမှာ ကိုဗစ်ဖြစ်တဲ့ကလေးတွေနဲ့ပတ်သက်ပြီး အားလုံးက  ကျွန်တော့်ကို  အစီရင်ခံပါတယ်။   တိုင်ပင်ပါတယ်။  ပြင်းထန်တဲ့ ကလေးတစ်ယောက်မှ မရှိပါဘူး။ အခုအချိန်အထိ ကလေးတွေမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူလည်း မရှိပါဘူး။

ကိုဗစ်ရောဂါနဲ့ အသက်အငယ်ဆုံးသေဆုံးမှုအနေနဲ့   ကလေးသူငယ်အရွယ်လွန်မြောက်ခါစ ဆယ်ကျော် သက်အရွယ် ရှိပါတယ်။ သူ့ရဲ့အသက်က ၁၄ နှစ် ရှိပြီဖြစ်တဲ့အတွက် ကလေးသူငယ်စာရင်းထဲကို  မဝင်ပါဘူး။ သူ့ရဲ့ သေဆုံးမှုက ကိုဗစ်ရောဂါဖြစ်ခြင်းထက် မွေးရာပါပြင်းထန်တဲ့သွေးရောဂါအခံကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ ကိုဗစ်ရောဂါအခြေအနေက မပြင်းထန်ပါဘူး။

ကလေးတွေကို ကိုဗစ်ရောဂါကူးစက်ခံရရင်  အဓိက စိတ်ပူတာက သူတို့ရဲ့ အဘိုး/ အဘွားတွေကို စိတ်ပူပါတယ်။ အဘိုး/ အဘွားတွေအနေနဲ့ အသက် ၆၀ ကျော်ပါတယ်။ အသက် ၆၅ နှစ် အထက် လူကြီးတွေမှာ ကိုဗစ်ရောဂါဖြစ်ပွားခဲ့ရင် ရောဂါပြင်းထန်ပါတယ်။

ယခုလက်ရှိ သေဆုံးမှုစာရင်းတွေကို ကြည့်ပါက အသက် ၆၀ ကျော်ထက် အသက် ၄၀ ကျော်/ ၅၀ ကျော်က ပိုများနေတာကို သတိပြုမိကြပါလိမ့်မယ်။ ဒါက အသက် ၄၀ ကျော်/ ၅၀ ကျော်မှာ ရောဂါဖြစ်ပွားမှုပြင်းထန်လို့ မဟုတ် ပါဘူး။ အသက် ၆၀ ကျော်တွေက ကိုဗစ် Positive ဖြစ်တဲ့သူတွေနဲ့ ထိတွေ့နိုင်ခြေနည်းလို့ဖြစ်ပါတယ်။ အသက် ၄၀ ကျော်/ ၅၀ ကျော်တွေက အလုပ်လုပ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် ကိုဗစ်နဲ့ ထိတွေ့မှုရှိနေပါတယ်။ ဒီအထဲမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါစတဲ့ ပြင်းထန်တဲ့ နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတဲ့သူတွေက အသက်ဆုံးပါးသွားရခြင်း ဖြစ်ပါတယ်။ အဘိုး/အဘွားတွေက အိမ်မှာနေတဲ့အတွက် ကိုဗစ်နဲ့ ထိတွေ့ဖို့ လမ်းကြောင်းက နည်းတာဖြစ်ပါတယ်။ သို့သော် ကလေးငယ်တွေ ကိုဗစ်ရောဂါဖြစ်ခဲ့ရင် ဒီကလေးတွေကနေတစ်ဆင့် အဘိုး၊ အဘွားကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အဘိုး၊အဘွားတွေအတွက် ကျွန်တော်စိတ်ပူရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ အဓိက မှာချင်တဲ့အချက်က ကလေးတွေကို ကိုဗစ်မကူးစက်အောင် သတိထားပါ။ ဒီအချိန်မှာ အဘိုး/အဘွားတွေအနေနဲ့ အိမ်ပြင်ပကိုသွားလာနေတဲ့ ဘယ်သူနဲ့မှ မထိတွေ့အောင်  နေထိုင်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အိမ်ကနေမလွှဲသာလို့ အပြင်ထွက်နေရတဲ့သူတွေ ရှိပါတယ်။ ဒီလူတွေ အိမ်ပြန်လာလို့ရှိရင် ကိုယ့်အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဂရုစိုက်ပါ။ ကိုယ်နဲ့ထိတွေ့မှုမရှိအောင် Social distancing နဲ့အညီ နေထိုင်ဖို့ အရေးကြီးပါတယ်။

ယခု ကြောက်နေကြတာက ကလေးတွေကို ကြောက်နေတာဖြစ်ပါတယ်။ တကယ်တော့ ကလေးတွေအနေနဲ့ သူတို့မှာ ကိုဗစ်ရောဂါဖြစ်ပွားခဲ့ရင် သူတို့အနေနဲ့ ရောဂါခံစားရဖို့ထက် သူတို့က သယ်ဆောင်လာပြီး လူကြီးတွေ ရောဂါခံစားရဖို့ အခွင့်အလမ်းပိုများပါတယ်။

ကိုဗစ်ရောဂါကို ကုသပေးမှုမရှိဘူး၊ ဒီအတိုင်း ထိုင်ကြည့်နေရတယ်လို့ ပြောတာတွေရှိပါတယ်။  တကယ် တမ်းမဟုတ်ပါဘူး။    ကုသမှုရှိပါတယ်။  ကိုဗစ်ဗိုင်းရပ်စ်ကိုသေစေတဲ့ တိကျတဲ့ကုထုံးအားလုံး လက်ခံထားတာ၊  တစ်ကမ္ဘာလုံးတညီတညွတ်တည်း လက်ခံထားတာ မရှိသေးတာပါ။ သို့သော် သူ့အဆင့်အလိုက် ကုသပေးရတဲ့အဆင့်တွေ ရှိပါတယ်။ လူကြီးတွေမှာလည်း အခု လက်ရှိသေဆုံးနှုန်းကြည့်မယ်ဆိုရင် ၁  ရာခိုင်နှုန်း ကျော်ကျော်ပဲ ရှိပါတယ်။

လက်ရှိကမ္ဘာပေါ်မှာက ကိုဗစ်ရောဂါနဲ့သေဆုံးမှုရာခိုင်နှုန်းအနေနဲ့ ၃ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့   သေဆုံးမှုရာခိုင်နှုန်းက ၁ ရာခိုင်နှုန်းကျော် ၂  ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ ဒီလိုသေဆုံးမှု ရာခိုင်နှုန်းနည်းရခြင်းက ကုသမှုတွေကြောင့် သေဆုံးမှုနည်းတာပါ။

ကျွန်တော်တို့နိုင်ငံက ကလေးတွေ ဒီရောဂါကြောင့် သေဆုံးမှုအနေနဲ့ ယခုအချိန်အထိ “သုည” ဖြစ်ပါတယ်။ “သုည”ကိုကြည့်ပြီး ကျွန်တော်တို့ ပေါ့ပေါ့ဆဆနေလို့မရပါဘူး။ ကလေးတွေမှာ တခြားသော နာတာရှည်ရောဂါ သယ်ဆောင်နေတဲ့ ကလေးတော်တော်များများ ရှိပါတယ်။ ဒီကလေးတွေကို ကျွန်တော်တို့အနေနဲ့ သီးခြားခွဲထားပြီး ဂရုတစိုက်ကုသမှုပေးနေပါတယ်။ ဒီကလေးတွေသာ ရောဂါဖြစ်ရင် ပြင်းထန်မှာဖြစ်ပါတယ်။ ဒါက ကျွန်တော်ပြောချင်တဲ့ ပထမအချက်ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ အားလုံးသိရှိကြတဲ့အတိုင်း ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်မှုများနေပါပြီ။ ပါမောက္ခအဆင့်ကနေစပြီး အလုပ်သင်ဆရာဝန်အဆင့်အထိ ကိုဗစ်ရောဂါ Positive ဖြစ်သွားတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ အများကြီးရှိပါတယ်။  ဝန်ထမ်းတွေထဲမှာလည်း အများကြီးရှိပါတယ်။ ဝန်ထမ်းတွေဆိုတာဆေးပေးရတဲ့ ဆေးသိုလှောင်ခန်းက ဝန်ထမ်းတွေ၊ လူနာသယ်ဆောင်ရတဲ့ဝန်ထမ်းတွေသာမက တယ်လီဖုန်း အော်ပရေတာပါမကျန် အကုန်လုံးကူးစက်နိုင်ပါတယ်။ ကူးလည်း ကူးစက်နေပါတယ်။

ကူးစက်နေရတဲ့ အကြောင်းရင်းက  အားလုံးသိတဲ့ ဆေးရုံက လူနာတွေ ဆီကနေ ကူးစက်ကြတာ မဟုတ်ပါဘူး။ ရောဂါလက္ခဏာမပြတဲ့သူတွေက အများကြီးရှိတဲ့အတွက် သွားရင်းလာရင်း   ကူးစက်လာတာတွေ ရှိပါတယ်။ ဒီလိုကူးစက်ခံရသူတွေကနေတစ်ဆင့် ဆေးရုံထဲကို   ပြန်လည်မဝင်ရောက် အောင် ကျွန်တော်တို့ တားဆီးနေရပါတယ်။

ဒါကြောင့် ပြည်သူလူထုကို ကျွန်တော့်အနေနဲ့ အဓိကမှာချင်တာက “ကိုယ့်ဘေးမှာ ကိုဗစ်ရောဂါပိုး အမြဲရှိနေတယ်လို့ယူဆပါ။ ဘယ်သူ့မှာပိုးမရှိဘူးဆိုတာ ဘယ်လိုမှ ပြောမရတဲ့ အနေအထားဖြစ်ပါတယ်။ အထူး သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘယ်လိုမှပြောမရတဲ့အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲတွေ့တွေ့   ခြောက်ပေအကွာကနေ  တွေ့ပါ။ Mask အမြဲတပ်ဆင်ပါ။ သတိရတိုင်းလက်ကို စက္ကန့် ၂၀ ကြာအောင်ဆေးပါ။” ဒါတွေအပြင် မဖြစ်မနေအပြင်ကိုသွားရတဲ့အခါ အယ်လ်ကိုဟော ၇၅ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်စင်ဆေးရည်ဘူးတွေကို အမြဲဆောင်ထားပြီး လက်ကိုခဏခဏလိမ်းပေးပါ။ ဒီလိုလုပ်နေရင် ကိုဗစ်ရောဂါကင်းဝေးမှာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ကိုဗစ်ရောဂါကင်းဝေးရင် မိမိ မိသားစုလည်း ကိုဗစ်ကင်းဝေးမှာ ဖြစ်ပါတယ်။ ကိုယ့်မိသားစုဘေးကင်းရင် အိမ်မှာကျန်နေခဲ့တဲ့ အဘိုး/အဘွားတွေ ဘေးကင်းမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်ပြောကြားလိုတာက ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ကျွန်တော်တို့ နေစရာ စီစဉ်မပေးနိုင်ပါဘူး။ အရင်ကလည်း ဆေးရုံဝန်ထမ်းအိမ်ရာမှာ နေထိုင်ကြသူတွေရှိသလို၊ ရပ်ကွက်ထဲမှာ နေထိုင်ကြတာတွေရှိပါတယ်။ အဓိက အပျိုတွေ၊ လူပျိုတွေ အဆောင်မှာ နေကြပါတယ်။ သူတို့ ပိုးရှိတဲ့လူနာနဲ့ ထိတွေ့ပါတယ်။   ဒီလို ထိတွေ့တဲ့အခါမှာ ဆေးရုံထဲမှာ မဖြစ်ဖြစ်အောင် နေရာရအောင်ရှာပြီး သီးခြား ထားပေးပါတယ်။ တကယ်လို့ Positive ထွက်ရင် Quarantine စင်တာတွေကို ပို့ပေးပါတယ်။ Quarantine စင်တာတွေမှာ စစ်ဆေးပြီး သတ်မှတ်ရက်စေ့လို့ စိတ်ချရပြီဆိုမှ ကျွန်တော်တို့ ရပ်ကွက်ထဲ ပြန်လွှတ်ပေးတာပါ။ ရပ်ကွက်ထဲကို ပြန်လွှတ်ပေးတဲ့အခါမှာ  ပုဂ္ဂလိကဆေးရုံတွေကဖြစ်ဖြစ်၊  အစိုးရဆေးရုံတွေက ဖြစ်ဖြစ် ဆရာဝန်/ ဆရာမတွေကို ရပ်ကွက်ထဲက ပြန်ပြီးလက်မခံတဲ့ကိစ္စတွေကို ကြားနေရပါတယ်။

ဒီကိစ္စက အန္တရာယ်ကြီးပါတယ်။ ဆရာဝန်/ ဆရာမတွေဟာ   အလုပ်လာဆင်းပြီးတဲ့အခါ ပြန်စရာအိမ်တော့ ရှိဖို့လိုအပ်ပါတယ်။ နောက်ဆုံး Positive ဖြစ်သွားရင်တောင် သတ်မှတ်တဲ့ Quarantine  စင်တာမှာ  သတ်မှတ်ရက် စေ့အောင်နေပြီးရင်   သူ့ပြန်စရာအိမ်ရှိဖို့   လိုအပ်ပါတယ်။ သူ့မှာ ပြန်စရာအိမ်မရှိလို့၊ သူ့အနေနဲ့ ထွက်ပြေးမယ်ဆိုရင်  အဲဒီလူပဲ  ပြေးမှာမဟုတ်ပါဘူး။ အဲဒါကို မြင်ထားတဲ့သူတွေပါ ထွက်ပြေးမှာ ဖြစ်ပါတယ်။

ဘယ်သူမဆို စေတနာအရင်းခံပြီး၊ အနစ်နာခံပြီး လုပ်ပေးနေကြတာမှန်သော်လည်း  နောက်ကျောလုံဖို့ အရေးကြီးပါတယ်။ သူ့နောက်ကျောမှာ သူပြန်စရာ အိမ်မရှိဘူးဆိုတာ သူသိရင်၊ သူလည်းလုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လူကြီးပိုင်းတွေအနေနဲ့ ဒီကိစ္စတွေကို   တတ်နိုင်သလောက် လိုက်ဖြေရှင်းပေးနေပါတယ်။  တခြားဝန်ကြီးဌာနတွေကပါ အကူအညီတောင်းခံပြီး သူတို့မသုံးတဲ့အဆောက်အဦတွေ တောင်းခံပြီး နေရာချထားပေးပါတယ်။ သို့သော် ရာနှုန်းပြည့် လုပ်ကိုင်ပေးနိုင်ခြင်း မရှိသေးပါဘူး။

အထူးသဖြင့် ကျွန်တော်တို့က စိတ်ချသွားရပြီဆိုပြီး ပြန်လွှတ်တဲ့ ဝန်ထမ်း တွေက သူတို့နေတဲ့အိမ်ကို သူတို့ ပြန်လို့ရသင့်ပါတယ်။ ကျွန်တော်တို့ ကြိုးစား မှာပါ။ ယခု ကျွန်တော်ထင်ပါတယ်။ ဒီကိုဗစ်လှိုင်းတံပိုးက ထိပ်ဆုံးအမြင့်ကို ရောက်နေပါပြီ၊ ယခုကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းတွေအောင်မြင်ရင် ရှေ့လျှောက်ပြန်ကျမှာပါ။ ဒါကို ရာနှုန်းပြည့် မပြောနိုင်သေးပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီအဆင့်ကနေပြန်ကျဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ ဝန်ထမ်းတွေကလည်း မညည်းညူဘဲ အင်နဲ့အားနဲ့ ဝိုင်းဝန်း ကူညီနေကြပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ နောက်ကျောလည်းလုံစေချင်ပါတယ်။

ဒါကြောင့် ပြည်သူလူထုကလည်း မိမိကိုယ်ကိုယ်စည်းကမ်းရှိခြင်း၊ ရောဂါမကူးစက်အောင် ကာကွယ်ခြင်းအပြင် ကျန်းမာရေးဝန်ထမ်းတွေကို ကျွန်တော်တို့က ယုံကြည်စိတ်ချရလို့ သူတို့ရဲ့နေအိမ်တွေကို ပြန်ပြီးလွှတ်တဲ့အခါမှာ မပစ်ပယ်ဘဲနဲ့၊ မကြဉ်ဘဲနဲ့ လက်ခံပေးခြင်းနဲ့ ကူညီပေးကြပါလို့ ပြောကြားလိုပါတယ်။

ထက်လျှံ