Skip to main content

ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့်အဖွဲ့ သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၃

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Wyndham Grand Plaza Hotel ၌ ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာ-တရုတ်(ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ကြသည်။

ပူးပေါင်းဆောင်ရွက်

ဦးစွာ ဒုတိယဝန်ကြီးသည် ယူနန်ပြည်နယ် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ဟူတဖန်နှင့် တွေ့ဆုံဆွေးနွေးသည်။ ယင်းနောက် ဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ကာ အဓိကအားဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန်နှင့် ယူနန်ဖိုရမ်ယန္တရားအောက်တွင် မြန်မာနှင့် ယူနန်ပြည်နယ်တို့အကြား အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားရေးတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။

ထို့ပြင် ဝန်ကြီးဌာနကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အုပ်စုဆွေးနွေးမှုများသို့ တက်ရောက်ခဲ့ကာ မြန်မာဘက်မှ ဦးဆောင်ဆွေးနွေးသူများအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များကလည်းကောင်း၊ တရုတ်ဘက်မှ ဦးဆောင်ဆွေးနွေးသူများအဖြစ် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးတို့မှ ကိုယ်စားလှယ်များကလည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအုပ်စုဆွေးနွေးမှုများတွင် နှစ်နိုင်ငံမဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အကြား စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ လျှပ်စစ်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားလာမှုကဏ္ဍများ မြှင့်တင်ရေး၊ ချစ်ကြည်ရေးညီအစ်မမြို့များ တည်ထောင်မှုမှတစ်ဆင့် နှစ်ဖက်ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှုတိုးမြှင့်ဖော်ဆောင်ရေးကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်။

ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

အဆိုပါ အုပ်စုဆွေးနွေးမှုများအပြီးတွင် မြန်မာဘက်မှ ကိုယ်စားလှယ်ခေါင်းဆောင် ဒုတိယဝန်ကြီးနှင့် တရုတ်ဘက်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့က ဖိုရမ်ဆိုင်ရာအစည်းအဝေးမှတ်တမ်းကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြပြီး ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ကူမင်းမြို့ရှိ Kunming Changshui အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

သတင်းစဉ်