နေပြည်တော် ဒီဇင်ဘာ ၁၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သာစည် - ရွှေညောင် - တောင်ကြီးရထားလမ်းပိုင်းတွင် ရေတိုက်စားပြီး မြေပြိုကျ၍ပျက်စီးမှုဖြစ်ပွားခဲ့သည့် ဆင်တောင်-မြင်းဒိုက်ဘူတာအကြားရှိ ရထားလမ်းတာပေါင်နေရာများ၊ ကမ်းပါးနီ ဥမင်အဝင်/အထွက်နေရာများ၊ ဆင်တောင်ဘူတာ၊ မြင်းဒိုက်ဘူတာနှင့် ခွေးရုပ်ဘူတာတို့တွင် ရေတိုက်စားပြီး မြေပြိုကျမှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို သွားရောက်စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သာစည်-ရွှေညောင် ရထားလမ်းပိုင်းတွင် ရထားခရီးစဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးရေးအတွက် လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားအင်အားများကို စနစ်တကျစုဖွဲ့အသုံးပြု ၍ သတ်မှတ်စံနှုန်းအတိုင်း စနစ်တကျပြန်လည်ပြုပြင်သွားရန်၊ မြေထိန်းနံရံများစနစ်တကျဆောင်ရွက်ရန်၊ ရေစီးဆင်းမှုကောင်းမွန်စေရန်အတွက် ရေပြွန်များထည့်သွင်းတည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ရေမြောင်းများပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး စသည့်လုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပေါမူ-ထီသိမ်-တောင်ကြီး ရထားလမ်းပိုင်း ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် ရထားလမ်းအူကြောင်း မြေကြီးတာပေါင်လုပ်ငန်း၊ တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း၊ Gabion Basket ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် မည့်အခြေအနေများကို စစ်ဆေးပြီးပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း စနစ်တကျကောင်းမွန်ရေး ပြုပြင်ရန်လိုအပ်သည့်ပစ္စည်းများ လုံလောက်မှုရှိရေး စီစဉ်ထောက်ပံ့ပေးသွားရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများကို အလေအလွင့်မဖြစ်စေရေး စနစ်တကျပြန်လည်အသုံးပြုသွားရန်နှင့် ရထားများအမြန်ပြန်လည်ပြေးဆွဲနိုင်ရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်