နေပြည်တော် ဒီဇင်ဘာ ၁၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာ ၉ ရက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် ကောလိပ်တို့သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ တရုတ်-မြန်မာသံတမန်ဆက်ဆံရေး ထူထောင်ခြင်း စိန်ရတု(၇၅)နှစ်ပြည့် ၂၀၂၅ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာကဏ္ဍဆိုင်ရာ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်သွားရန် ဆွေးနွေးပြီး သုတေသနပရောဂျက်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာသည်။
ရောက်ရှိ
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်း၌ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးရေးအတွက် နည်းပညာများမျှဝေဖလှယ်ရေး၊ ပညာတော်သင်များစေလွှတ်ရေးတို့ကို အဖွဲ့လိုက် အသေးစိတ်ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လီသီယမ်အိုင်းရွမ်း ဘက်ထရီနှင့်ဒြပ်ပစ္စည်းနည်း ပညာ အမျိုးသားသုတေသနဌာနရှိ ဓာတ်ခွဲခန်းများတွင် ဆရာနှင့် ကျောင်းသားများ၏ အဖွဲ့လိုက်အဆင့်မြင့်ကိရိယာများဖြင့် သုတေသနပြုလုပ်နေမှု၊ ဒြပ်ပစ္စည်းသိပ္ပံဌာန၌ စွန့်ပစ်ဘက်ထရီနှင့် သတ္တုကုန်ကြမ်းများကို သန့်စင်သောသုတေသနပြုလုပ်နေမှုနှင့် သုတေသနရလဒ်များကို လေ့လာသည်။
မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယူနန်နည်းပညာကောလိပ် (ယူနန်စက်မှုနှင့် ကုန်သွယ်ရေးသက်မွေးပညာကောလိပ်)သို့ ရောက်ရှိပြီးဌာနများ၌ သက်မွေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးနေမှု၊ စစ်မှုထမ်းဟောင်းများအတွက် သက်မွေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးနေမှုနှင့် ပြည်တွင်း၊ ပြည်ပပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့အဆင့် နည်းပညာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျောင်းသား ကျောင်းသူများ၏ စက်ရုပ်နည်းပညာ ပရောဂျက်များဖြင့် ကြိုတင် ပြင်ဆင်လေ့ကျင့်နေမှုများ၊ Automation စက်များကို ကျောင်းသားတစ်ဦးစီက တပ်ဆင်နေမှုများ၊ အလုပ်ရုံများ၌ စက်မှုဇုန်သုံးစက်များဖြင့် ကျောင်းသားများ လေ့ကျင့်နေမှုများ၊ Robotic ကိုယ်ထည်ပြုလုပ်ရန် ကျောင်းသားများက CNC စက်များဖြင့် ခုတ်စားနေမှုများ၊ ပြတိုက်တွင် သမိုင်းမှတ်တမ်းများ၊ ကျောင်းသားများက ကမ္ဘာ့အဆင့်နည်းပညာဆုများရရှိမှု မှတ်တမ်းများကို လှည့်လည်လေ့လာခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် အဖွဲ့လိုက်ရင်းနှီးပွင့်လင်းစွာ နည်းပညာများ မျှဝေဖလှယ်နိုင်ရေး အသေးစိတ်ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများကို အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်