နေပြည်တော် ဒီဇင်ဘာ ၁၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ တူးဖော်ဆယ်ယူပြီးသော ရှေးဟောင်းရေကန်ဖြစ်သည့် မင်္ဂလာကန်(၃)၊ အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသန လေ့လာဆန်းစစ်ရေးအဖွဲ့(ASI)အဖွဲ့ ပြုပြင်ထိန်းသိမ်းခဲ့သည့် ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၇၉၁ (ရွာဟောင်းကြီးဘုရား)နှင့် ရှေးဟောင်းအဆောက်အအုံအမှတ် - ၂၃၅ (သိကြားပုန်းဘုရား)တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရွှေစည်းခုံစေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံ သောအစီအစဉ်(Master Plan) ရေးဆွဲနိုင်ရေးပညာရှင်များနှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့များဖြင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။
ကဏ္ဍအလိုက်ဆောင်ရွက်
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ရောက်ရှိစဉ် လမ်းညွှန်ချက်ဖြစ်သော ရွှေစည်းခုံစေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် ဘက်စုံလွှမ်းခြုံသောလုပ်ငန်းအစီအစဉ် (Master Plan)အား ခြောက်လအတွင်း အပြီးရေးဆွဲနိုင်ရေး ကဏ္ဍအလိုက်ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်အခြေအနေအသေးစိတ်ကြည့်ရှု၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဦးစီးကော်မတီသို့တင်ပြနိုင်ရေးအတွက် အဖွဲ့လိုက်တင်ပြကြရန် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြတိုက်များ)နှင့် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးကြပြီး လုပ်ငန်းအဖွဲ့လေးဖွဲ့က ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုတင်ပြကြရာ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)က ပေါင်းစပ်ဆွေးနွေးပေးပြီး ရွှေစည်းခုံပရဝဏ်အတွင်းရှိ တံတိုင်းအခြေစမ်းသပ်တူးဖော်ထားသည့်နေရာများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်