နေပြည်တော် ဒီဇင်ဘာ ၁၂
ကျန်းမာရေးဝန်ကြီးဌာနသည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကျောက်ကပ်အစားထိုးရန် လိုအပ်သော ကျောက်ကပ်ရောဂါလူနာအတွက် ပထမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ယမန်နေ့က ဆောင်ရွက်နိုင်ခဲ့သည်။
ထိုကဲ့သို့ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင်တို့ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများကို လိုအပ်သည်များ မှာကြားသည်။
ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာသည် ပျဉ်းမနားမြို့နယ်တွင် နေထိုင်သည့် ပြည်သူတစ်ဦးဖြစ်ပြီး ကျောက်ကပ်ကို ၎င်း၏ ဖခင်က လှူဒါန်းပေးခဲ့ခြင်းဖြစ်ကာ ယခုအခါ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက ဆေးရုံအထူးကြပ်မတ်ကုသဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့်အတွက် လူနာနှင့် ကျောက်ကပ်အလှူရှင်နှစ်ဦးစလုံး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိသည်။
ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ရန်ကုန်မြို့ရှိ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) တွင် လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုအခါ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌လည်း ပုံမှန်ဆက်လက် ဆောင်ရွက်သွားနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ကျောက်ကပ်ရောဂါလူနာကို ခွဲစိတ်ကုသခဲ့ရာ၌ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ရန်ကုန်မြို့ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာကျော်စိုးကျော်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ပါမောက္ခဒေါက်တာ သဇင်ခိုင်၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာလမင်းဝင်း၊ နေပြည်တော် အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဒုတိယဗိုလ်မှူးကြီး ရန်နိုင်ဝင်းတို့က ဦးဆောင်၍လည်းကောင်း။
ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့ကို ရန်ကုန်မြို့ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာဝင်းဝင်းလှိုင်၊ ပါမောက္ခ/ဌာနမှူး(ငြိမ်း) ပါမောက္ခ ဒေါက်တာခင်သီတာသွင်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ပါမောက္ခဒေါက်တာ ရည်ရည်ခိုင်တို့က ဦးဆောင်၍လည်းကောင်း၊ နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော်၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန် ဒေါက်တာသတိုးသိန်းဇံနှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ပါရဂူ ဒုတိယဗိုလ်မှူးကြီး ကျော်သူရ၊ ဒုတိယဗိုလ်မှူးကြီး မျိုးဆွေဌေးတို့က ဦးဆောင်၍လည်းကောင်း။
မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပါမောက္ခ ဒေါက်တာနုနုမေ၊ ပါမောက္ခ/ဌာနမှူး(ငြိမ်း) ပါမောက္ခ ဒေါက်တာကြည်ကြည်စန်း၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်ဆွေတို့က ဦးဆောင်၍လည်းကောင်း၊ ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့နှင့် သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့ကို နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပါမောက္ခ (ရောဂါဗေဒ) ဒေါက်တာစန်းစန္ဒာခင်၊ တွဲဖက်ပါမောက္ခ(အဏုဇီဝ) ဒေါက်တာခိုင်ဝင်းထွန်းနှင့် အထူးကုဆရာဝန်ကြီး (သွေးဗေဒ) ဒေါက်တာမီမီခိုင်တို့က ဦးဆောင်၍လည်းကောင်း၊ ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ပါမောက္ခဒေါက်တာ ခိုင်ရွှေဝါနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ ပါမောက္ခ ဒေါက်တာသဇင်သန်းတို့က ဦးဆောင်၍လည်းကောင်း ခွဲစိတ်ကုသပေးခဲ့ကြသည်။
ထို့အတူ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့် ဦးဆောင်သော ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဝန်များ၊ ဒုတိယညွှန်ကြားရေးမှူး(သူနာပြုအုပ်ကြီး) ဒေါ်စောရွှေနှင့် သူနာပြုများ၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှ ကျွမ်းကျင်သူနာပြု ဆရာမကြီးဖြစ်သော ဒေါ်ကေသီနွယ် ဦးဆောင်သော သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်