ရန်ကုန် ဒီဇင်ဘာ ၁၂
အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီ(NAQAC) ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တက္ကသိုလ်များအနေဖြင့် အတွင်းအရည်အသွေးအာမခံမှုစနစ်အတွက် တာဝန်ရှိပြီး ပြင်ပအရည်အသွေးအာမခံမှုစနစ် တည်ထောင်မှုနှင့် စစ်ဆေးမှုပြုလုပ်နိုင်ရေးလုပ်ငန်းနယ်ပယ်တွင် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီမှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များမှ အရည်အသွေးအသိအမှတ်ပြုခံယူနိုင်ရန် လိုအပ်သော အရည်အသွေးစစ်ဆေးမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ရေးဆွဲပြုစုခြင်းနှင့် အရည်အသွေးစစ်ဆေး အကဲဖြတ်ကိစ္စများဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များကို စနစ်တကျ အစီအစဉ်ရေးဆွဲ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
နှစ်ရက်တာကျင်းပမည့် National Accreditation and Quality Assurance Committee (NAQAC) 1st Engagement Forum တွင် သက်ဆိုင်ရာ session အလိုက် NAQAC အဖွဲ့ဝင် ပါမောက္ခချုပ်များ က NAQAC ၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခြင်း၊ QA ကျွမ်းကျင်သူများမှ expert talks တွင် တက္ကသိုလ်များ၏အတွင်း အရည်အသွေးအာမခံမှုစနစ် (Internal Quality System) ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရေးကြီးသည့် project management နှင့်ပတ်သက်ပြီး ဆွေးနွေးခြင်းများပါဝင်ပြီး တက္ကသိုလ်အသီးသီးမှ တက်ရောက်လာသော ပါမောက္ခချုပ်များ၊ ဆရာဆရာမများအကြား အချင်းချင်းအတွေ့အကြုံများမျှဝေပြီး တက္ကသိုလ်များအကြား အရည်အသွေးအာမခံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ရှင်းလင်းတင်ပြပြီး အခမ်းအနားကို သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်စိန်ရတုအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာရှင် ဆရာကြီး ဆရာမကြီးများ အနေဖြင့် (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံကို နေပြည်တော်တွင် ခမ်းခမ်းနားနား အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသည့် သုတေသနစာတမ်းများ စိစစ်ရွေးချယ်ရေး၊ သုတေသနပိုစတာများနှင့် ပြကွက်များ ပါဝင်ပြသနိုင်ရေး လိုအပ်သည်များကို အကြံပြုကြစေလိုကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်အမှတ်(၄) အခြေခံပညာအထက်တန်းကျာင်းနှင့် အမှတ်(၆) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်