နေပြည်တော်၊ စက်တင်ဘာ ၂၄
ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ချိုက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
လေးစားအပ်ပါသော ပြည်ထောင်စုမြန်မာနိုင်ငံသား မိဘပြည်သူအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်ဝကြပါစေကြောင်း နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်ခင်ဗျာ-
ကျွန်တော်ကတော့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ချို ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ထုတ်လွှင့်မှုအစီအစဉ်မှာ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ အကြောင်း မိဘပြည်သူများသိရှိနိုင်ဖို့ တင်ပြသွားမှာ ဖြစ်ပါတယ်။
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီကို ဓနုတိုင်းရင်းသား အများဆုံး နေထိုင်လျက်ရှိတဲ့ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ ရပ်စောက်မြို့နယ်၊ တောင်ကြီးမြို့နယ်စတဲ့ (၆)မြို့နယ်ကို အခြေခံပြီး ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။ ဗဟိုဌာနချုပ်ကိုတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံမြို့မှာ ဖွင့်လှစ်ထားရှိပါတယ်။
ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပါတီမှတ်ပုံတင် အမှတ်ကတော့ (၅၇) ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက် နေ့မှာတော့ အလုပ်အမှုဆောင်ကော်မတီဝင်အသစ်များဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုမြန်မာနိုင်ငံသားများနှင့် ဓနုတိုင်းရင်း သားများခင်ဗျာ
ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီရဲ့ အလံကတော့ အနီရောင်စတုဂံပုံ အလယ်တည့်တည့်မှာ အဖြူရောင်အဝိုင်းပါရှိပြီး အဖြူရောင်အဝိုင်းအတွင်းမှာ ဓနုအိုးစည်ပုံပါရှိပါတယ်။ အိုးစည်ပုံပါတဲ့ အဖြူ ရောင်အဝိုင်းကို အရွယ်တူရွှေဝါရောင် ကြယ်(၁၄)လုံးက ဝန်းရံထားပါတယ်။ အဓိပ္ပာယ်ကတော့ ‘ပြည်ထောင်စုထဲကဓနု’ ဟူ၍ ဖော်ညွှန်းလိုခြင်း ဖြစ်ပါ တယ်။
ကျွန်တော်တို့ပါတီရဲ့ အမှတ်သင်္ကေတကတော့ အနီရောင်အောက်ခံမှာ အဖြူရောင်အဝိုင်းပါရှိပြီး အဖြူရောင်အဝိုင်းအတွင်းမှာ ‘ဓနု’ ဆိုတဲ့ မြန်မာ စာလုံးနှင့် ‘ဓနုအိုးစည်’ ပုံ ပါရှိပါတယ်။ ပါတီရဲ့ ရွေးကောက်ပွဲဆောင်ပုဒ် ကတော့ ‘ဓနုထလော့၊ ထလော့ဓနု’ ဖြစ်ပါတယ်။
ဓနုလူမျိုးများရဲ့ အတိတ်သမိုင်းကိုတင်ပြရရင် ဓနုလူမျိုးများဟာ ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် စုပေါင်းတည်ထောင်ခြင်း မရှိသေးသည့်ကာလ ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှာန်း ဖြင့် မိမိတို့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။ ၁၈၂၄ ခုနှစ်တွင် ရခိုင်၊ တနင်္သာရီဒေသ၊ ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ၊ ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံ၊ ၁၈၉၀ ခုနှစ်တွင် ရှမ်းပြည်နယ်တစ်ခုလုံးကို အင်္ဂလိပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ကိုလိုနီခေတ်တွင် ဗြိတိသျှအစိုးရက နယ်စပ်ဒေသအုပ်ချုပ်မှု (Frontier Area Administration) အောက်တွင် ကိုလိုနီများအဖြစ် သီးခြားစီအုပ်ချုပ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးအားလုံးကိုလည်း ရှမ်းပြည်နယ်အက်ဥပဒေ ဖြင့် အုပ်ချုပ်ခဲ့ရာတွင် ဓနုလူမျိုးများနေထိုင်ကြသော ရှမ်းမြေလတ်ဒေသ ကို အနောက်ပိုင်းဆိုင်ရာဝန်ထောက်ရုံး (Western Sub-Division) ထားရှိပြီး အုပ်ချုပ်ခဲ့ကြပါတယ်။ ရှမ်းမြေလတ်ဒေသကို သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး၊ ပွေးလှစော်ဘွား စဝ်ထွန်းစိန်၊ ပင်းတယစော်ဘွား စဝ်ဝင်းကြည်၊ ရွာငံစော်ဘွား စဝ်ခွန်ရီ၊ ဘော်နယ်စော်ဘွား စဝ်ခွန်အောင်၊ ပင်မှီကျမိုင်းစော်ဘွား စဝ်ခွန်ဦး၊ ကျုံးစော်ဘွား စဝ်ခွန်ဆောင်းတို့က ၁၉၅၉ခုနှစ် အာဏာမစွန့်မီ အချိန်အထိ အုပ်ချုပ်ခဲ့ပါတယ်။ စော်ဘွားများအမည်ရှေ့တွင် ‘စဝ်’ ဟု တပ်ထားသော်လည်း ဓနုတိုင်းရင်း သားများပင် ဖြစ်ပါတယ်။
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ရှမ်းပြည်နယ်သို့ တက်ရောက် လာရာတွင် အထက်ပါဓနုစော်ဘွားများက ထောက်ခံအကူအညီ ပေးခဲ့ကြ ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံကို စုပေါင်းတည်ထောင်နိုင်မည့် သမိုင်းဝင်ပင်လုံစာချုပ်ချုပ်ဆိုရာတွင်လည်း ရှမ်းစော်ဘွားများကိုယ်စားလှယ်အဖြစ် သာမိုင်းခမ်းစော်ဘွားစဝ်ထွန်းအေးကလည်းကောင်း၊ လူထုကိုယ်စားလှယ်အဖြစ် ဦးခွန်စော (ပင်းတယ) ကလည်း ကောင်း လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။
ဒီသမိုင်းကြောင်းကို ပြန်လည်တင်ပြနေခြင်းဟာ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံမှာ ဆွေးနွေးနေကြတဲ့ ငြိမ်းချမ်းရေးကိစ္စ၊ ဆွေးနွေးရန်ကျန်ရှိနေသေးတဲ့ ပြည်နယ်ဖွဲ့စည်းပုံနှင့် ဖက်ဒရယ်ကိစ္စတို့ကို ပိုပြီးလေးနက်စေဖို့ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုမြန်မာနိုင်ငံသားများနှင့် ဓနုတိုင်းရင်း သားများခင်ဗျာ
ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီရဲ့ ရည်ရွယ်ချက်များကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။
ပါတီရဲ့ ရည်ရွယ်ချက်များကတော့
(၁) အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီရေးတို့ကို အာမခံသည့် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
(၂) ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးအချင်းချင်း အပြန်အလှန်အသိအမှတ်ပြု လေးစားမှု၊ ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ကို တည်ဆောက်ပြီး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်ရေးကို ရှေးရှုရန်။
(၃) ဓနုဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ဘာသာ၊ စာပေ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန်။
(၄) ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ပြီး အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်။
(၅) ဓနုဒေသအတွင်း လူနေမှုအဆင့်အတန်းမြင့်မားရေး၊ နည်းပညာ မြင့်မားသော စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး၊ ခေတ်သစ် ပညာရေးစနစ်ကို ကူညီဆောင်ရွက်ပေးရေး၊ ကျန်းမာရေးလုပ်ငန်းစဉ် များ ပိုမိုမြင့်မားလာစေရေး၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ မြင့်မားလာစေရေး အစရှိသော လုပ်ငန်းစဉ်များကို ကြိုးပမ်း ဆောင်ရွက်ရန်တို့ဖြစ်ပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျာ-
ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပင်းတယနှင့် ရွာငံမြို့နယ်မှာ ကိုယ်စားလှယ် (၇) ဦး၊ နောင်ချိုမြို့နယ်မှာ (၃) ဦး၊ ကလောမြို့နယ်မှာ (၂) ဦး၊ အားလုံးပေါင်း ကိုယ်စား လှယ် (၁၂) ဦးက ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသွားမှာ ဖြစ်ပါတယ်။ လွှတ်တော် အဆင့်အနေဖြင့် တင်ပြရရင် အမျိုးသားလွှတ် တော် (၁) ဦး၊ ပြည်သူ့လွှတ်တော် (၃)ဦး၊ ပြည်နယ်လွှတ်တော်(၈)ဦး ဖြစ်ပါတယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်(၃)ဦး ဝင်ရောက်အရွေးခံမှာဖြစ်တဲ့အတွက် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းအားဖြင့် (၂၅) ရာခိုင်နှုန်းပါဝင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီမှ ကိုယ်စားလှယ်များ အရွေးချယ်ခံရပါက အောက်ပါ တို့ကို ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်-
(၁) ပြည်ထောင်စုချစ်စိတ်ကိုအခြေခံသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီရေးတို့ကိုအာမခံသည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားပါမည်။
(၂) လွှတ်တော်အတွင်းမှာလည်းပဲ ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်တဲ့ မည်သည့်အဖွဲ့ အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားပါမည်။
(၃) ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းများ ဖြင့် ဖြေရှင်းဆောင်ရွက်ရာတွင် မည်သည့်အဖွဲ့အစည်းဖြင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်။
(၄) ဒေသအတွင်း အခြားသော ညီနောင်တိုင်းရင်းသားများလည်း ရပိုင် ခွင့်များမဆုံးရှုံးရအောင် ကြိုးပမ်းဆောင်ရွက်သွားမည်။
(၅) ဒေသအတွင်း သယံဇာတထုတ်လုပ်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေ ရေး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုမရှိစေရေး၊ ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ပြည်သူများနှင့်အတူ ပူးပေါင်း ကာကွယ်စောင့်ရှောက်သွားမည်။
(၆) သစ်တောပြုန်းတီးခြင်း၊ မြေပြိုခြင်း၊ ချောင်းမြောင်းများ တိမ်ကော လာခြင်း၊ ရာသီဥတုဖောက်ပြန်လာခြင်းတို့ကို ပြန်လည်ကုစားဖို့ အတွက် ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဆွေးနွေးပြီး ပူးပေါင်းကာကွယ်ဆောင်ရွက်သွားမည်။
(၇) မြန်မာနိုင်ငံအတွင်း အကြီး မားဆုံး အန္တရာယ်အဖြစ် ခြိမ်းခြောက်နေတဲ့ မူးယစ် ဆေးဝါး ပြဿနာကို တာဝန်ရှိသူများနှင့် အတူ ပူးပေါင်း ကာကွယ်သွား မည်။
လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျာ -
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့၊ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံမှာ ပါဝင်ဆွေးနွေးခွင့်ရဖို့အတွက် ကျွန်တော်တို့ တိုင်းရင်း သားလူမျိုးစုပါတီများမှ ကိုယ်စားလှယ်များ လွှတ်တော်ထဲရောက်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဟာ UNA (United Nationalities Alliance) စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ဝင်ဖြစ်ပါတယ်။ UNA ကို တိုင်းရင်းသားလူမျိုးစုပါတီ (၁၃) ပါတီဖြင့် မဟာမိတ်ဖွဲ့ထားတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာတော့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့ဟာ (UNA) အဖွဲ့ဝင်များ ဖြစ်ကြပါတယ်။
ကျွန်တော်တို့ပါတီအနေဖြင့် UNA အဖွဲ့ဝင်ဖြစ်တဲ့အတွက် UNA အဖွဲ့ဝင် ညီနောင်တိုင်းရင်းသားပါတီများနှင့် လက်တွဲပြီး UNA အခြေခံမူများအတိုင်း လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အထူးလေးစားအပ်သော မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျာ -
မိဘပြည်သူများအားလုံးကို အထူးပန်ကြား မေတ္တာရပ်ခံလိုတာကတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက် ပွဲကြီးမှာ ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ ကျွန်တော်တို့ပါတီရဲ့ ကိုယ်စားလှယ် လောင်းများကို မဲပေးကြဖို့ မိဘပြည်သူများရဲ့ မေတ္တာစေတနာကို ခံယူပါ ရစေ။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုများ မျှော်မှန်းနေကြတဲ့ ပြည်ထောင်စုချစ်စိတ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးမှာ အခြားသော ညီ နောင်တိုင်းရင်းသားများနှင့်အတူ ပါဝင်ခွင့်ရဖို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မိမိတို့ အသည်းကြားကမဲတစ်ပြားကို ပြည်ထောင်စုချစ်စိတ်အပြည့်ဖြင့် ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီရဲ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးရဲ့ အမှတ်တံဆိပ်သင်္ကေတဖြစ်တဲ့ အိုးစည်ပုံဘေးမှာ တံဆိပ်တုံးရိုက်ပေးကြဖို့ မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်
ဓနုမြေသို့ ဖိတ်ခေါ်ခြင်း
သာယာကာ ချမ်းအေးလှတဲ့ ဒို့ဓနုမြေ လာလည်ပါ ဖိတ်ခေါ်စမ်းချင်ပေ မှုန်ဝေတဲ့နှင်းထုနဲ့ ကဗျာဆန်တဲ့ ဒို့ဓနုသာရင်ခုန်စွာ ကြည်နူးမိပေ တောင်ယာနဲ့ အသက်မွေးကြတဲ့ ဒို့ဓနုတွေ ဖြူစင်တယ် ရိုးသားမှုတွေနဲ့ ဖော်ရွေတဲ့အပြုံးလေး နဲ့ ချိုသာတယ် စကားလုံးများက ပေါ်လွင်တယ် လူမျိုးစုလေ ရိုးသားမှုရဲ့ အသီးပွင့်က ဒို့တစ်တွေရဲ့အပေါ်မှာ ပခုံးပြောင်းထမ်းဖို့ တာဝန်ကျရောက် လာ စည်းလုံးခြင်းရဲ့ အနှစ်က ဒို့လူမျိုးအပေါ်မှာ တိုးတက်ခြင်းက အစဉ်ခိုင်ဖို့ သာ သာယာတဲ့နေ့တစ်ခုဖြစ်ဖို့ တူညီညာကြိုးစားစို့ အောင်မြင်မယ် အနာဂတ် သို့လေ။
ရာဇဝင်မှာ ကမ္ပည်းထိုးမယ် ဓနုတဲ့အမည် ဝေဟင်မှာလွင့်ပျံသွားစေမယ် ရေဆန်မှာ မောပန်းလည်း တူညီညာတွဲလက်နဲ့ စိန်ခေါ်ကာ တက်လှမ်းကြမယ် ထာဝစဉ်သာ ထိန်းသိမ်းကြစို့ အမျိုးရဲ့ဂုဏ်နာခံမယ် ဗုဒ္ဓတရားတော်အတိုင်း သာသနာရောင်ထွန်းလင်းဖို့ တူညီညာကြိုးစားစို့ မောင်မယ်တွေ ညီညွတ် ကြလေ ရိုးသားမှုရဲ့အသီးအပွင့်က ဒို့တစ်တွေရဲ့အပေါ်မှာ ပခုံးပြောင်းထမ်းဖို့ တာဝန်ကျရောက်လာ စည်းလုံးခြင်းရဲ့အနှစ်က ဒို့လူမျိုးအပေါ်မှာ တိုးတက်ခြင်းက အစဉ်ခိုင်ဖို့သာ သာယာတဲ့နေ့တစ်ခုဖြစ်ဖို့ တူညီညာကြိုးစားစို့ အောင်မြင်မယ် အနာဂတ်သို့လေ။