Skip to main content

ရခိုင်အမျိုးသားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်၊ စက်တင်ဘာ ၂၄
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံပြီး၊ ဘေးဒုက္ခများကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်အမျိုးသားပါတီ (Arakan National Party)ရဲ့ ဥက္ကဋ္ဌ ဦးသာထွန်းလှ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီ (Arakan National Party)ဆိုတာ ရခိုင်လူမျိုးနှင့် ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများကို ကိုယ်စားပြုပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြားတိုင်းရင်းသားအားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းလာစေရေးအတွက် လိုအပ်ချက်အဝဝကို ဖြည့်ဆည်းပေးရမည်မှာ ရခိုင်အမျိုးသားပါတီ၏ အမျိုးသားရေးတာဝန်ဖြစ်တယ်ဟု လေးနက်စွာခံယူထားသည့်ပါတီဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ (Arakan National Party)ဟာ ရခိုင်အမျိုးသားများ၏အကျိုးစီးပွားကို ရခိုင်အမျိုး သားများ၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် ကြိုးစားဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် (၃၅) နေရာ အနိုင်ရခဲ့တဲ့ ရခိုင်တိုင်းရင်းသား များတိုးတက်ရေး ပါတီ (RNDP)နှင့် ၁၉၉၀ ရွေးကောက်ပွဲတွင် (၁၁)နေရာ အနိုင်ရခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီတို့ဟာ ရခိုင်တစ်ပါတီတည်းဖြစ်မြောက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းကြရာက ပေါ်ပေါက်လာတဲ့ ပါတီဖြစ်ပါတယ်။
ကျွန်တော်တို့ရခိုင်အမျိုးသားပါတီရဲ့ အဓိကရည်မှန်းချက်လေးရပ်မှာ-
(က) ရခိုင်ပြည်နယ်နှင့် ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် (Development) ၊
(ခ)   တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေး ရရှိရေးဆောင်ရွက်ရန် (Equality)
(ဂ)   ဒီမိုကရေစီစနစ် ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန် (Democracy)
(ဃ) စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်ရန် (Federal) တို့ဖြစ်ပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ကြောင့်လည်းကောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်လည်းကောင်း၊ တိုင်းရင်းသားပြည်သူအပေါင်းတို့ဟာ ဒုက္ခမျိုးစုံကို နှစ်ပေါင်း (၇၀)ကျော် ခါးစည်းခံစားခဲ့ကြရပါတယ်။ ယနေ့ထိလည်းခံစားနေရဆဲ ဖြစ်ပါတယ်။ အပြစ်မဲ့တိုင်းရင်းသားပြည်သူများ အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးမှု၊ မိမိအိုးအိမ်၊ ရပ်ရွာ၊ လုပ်ငန်းခွင်များကို စွန့်ခွာပြီး စစ်ရှောင်စခန်းတွေမှာ ဒုက္ခမျိုးစုံခံစားပြီး နေထိုင်နေရမှု စသည့် အတိဒုက္ခများ ရောက်လျက်ရှိနေကြပါတယ်။ အခုလို အတိဒုက္ခရောက်နေရတဲ့အနေအထားနဲ့ ပြည်တွင်းစစ်မျိုးစုံဟာ ကျွန်တော်တို့ပြည် ထောင်စုမြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးများ တန်းတူရည်တူအခွင့်အရေးမရရှိသေးခြင်း၊ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self Determination) မရရှိခြင်းကို အခြေခံတဲ့အကြောင်းရင်းများဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးထာဝစဉ်ရရှိရန်အတွက် သဘောထားကြီးစွာနှင့် ရဲရဲဝံ့ဝံ့ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self Determination)ကို အခြေခံတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် မဖြစ်မနေ ပေါ်ပေါက်ရေးကို ကျွန်တော်တို့အားလုံး လက်တွဲကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား
ကျွန်တော်တို့ရခိုင်အမျိုးသားပါတီဟာ ရခိုင်လူမျိုးတစ်မျိုးတည်းကို အခြေခံတဲ့ပါတီမဟုတ်ပါဘူး။ ပါတီဖွဲ့စည်းပုံရဲ့ ပါတီဝင်ဖြစ်ခြင်းဆိုင်ရာ အပိုဒ်မှာ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုတွေအပါအဝင် ရခိုင်ပြည်နယ်၌ မှီတင်း နေထိုင်ကြတဲ့ ပြည်ထောင်စုထဲက အခြားတိုင်းရင်းသားလူမျိုးများလည်း ပါတီဝင်အဖြစ် လျှောက်ထားဝင်ရောက်ခွင့်ရှိပါတယ်။ ပါတီအနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအားလုံးအတွက် ရပ်တည်သွားမှာဖြစ်သလို ပြည်ထောင်စုတစ်ခုလုံးရဲ့အရေးမှာလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီရဲ့ လုပ်ငန်းစဉ် (၁၈)ရပ်ကို ပါတီဖွဲ့စည်းပုံမှာ တိတိကျကျပြဋ္ဌာန်းဖော်ပြထားရှိပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုတွေလည်း ကြိုးစားလုပ်ဆောင်လျက် ရှိပါတယ်။ လုပ်ငန်းစဉ်(၁၈)ရပ်ကိုတင်ပြရလျှင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအခွင့် အလမ်းများ တိုးတက်မြင့်မားလာစေဖို့ အလုပ်သမားသမဂ္ဂများ၊ လယ်သမားသမဂ္ဂများ ပေါ်ပေါက်လာစေဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ပေါ်ပေါက်လာသည့် စီမံကိန်းများမှာ ရခိုင်အမျိုးသားလုပ်ငန်းရှင်များက ပါဝင်လုပ်ကိုင်ခွင့်ရရှိရေး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကြောင့် ရရှိလာသည့်အကျိုးစီးပွားများနဲ့ ရခိုင်ပြည် နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များကို တိုင်းရင်းသားများ အပြည့်အ၀ရယူခံစားနိုင်ရေး၊ နေရပ်စွန့်ခွာပြီးအလုပ်အကိုင်ရှာဖွေရင်း ရခိုင်ပြည်နယ်ပြင်ပကို ရောက်ရှိနေကြတဲ့ ရခိုင်တိုင်းရင်းသားများနေရပ်ပြန် လည်ရောက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး ကြိုးပမ်းရန်တို့အပြင် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများရဲ့ အခွင့်အရေးရပိုင်ခွင့်များ ကာကွယ်စောင့် ရှောက်ရန်စသည်ဖြင့် လုပ်ငန်း စဉ်များကို ချမှတ်ထားရှိပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ရခိုင် အမျိုးသားပါတီက လွှတ်တော်ကိုယ် စားလှယ်နေရာ အများဆုံးအနိုင်ရရှိခဲ့ပေမယ့် ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့စည်းခွင့်မရရှိခဲ့သော်လည်း ရခိုင် ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်ထားနိုင်တဲ့အနေအထားနဲ့ အမျိုးသားနိုင်ငံရေးခရီးကို ဆက်ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များဟာ ရခိုင်လူမျိုး၊ ရခိုင်မျိုးနွယ်စုဝင်လူမျိုးများနှင့် ပြည်ထောင်စုသားတိုင်းရင်းသားများအတွက်လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စုအတွက်လည်း ကောင်း အဆိုများတင်သွင်းခြင်း၊ ဆွေးနွေးတင်ပြခြင်း၊ မေးခွန်းမေးမြန်းခြင်းများကို ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရခိုင်အမျိုးသားပါတီဟာ ရည်ရွယ်ထားတဲ့အတိုင်း ရခိုင်ပြည်နယ်၊ ရခိုင် လူမျိုး၊ ရခိုင်မျိုးနွယ်စုဝင်လူမျိုးများနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများရဲ့လိုအင်ဟူသမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်စွမ်းမရှိဖြစ်ရတဲ့ အခြေအနေများကိုလည်း နားလည်ပေးစေလိုပါတယ်။
ကျွန်တော်တို့ရခိုင်အမျိုးသားပါတီအနေနဲ့လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဥပဒေဘောင်ထဲက လွှတ်တော်နိုင်ငံရေးတွင်လည်းကောင်း၊ လွှတ်တော်ပြင်ပနိုင်ငံရေးကလည်းကောင်း အစွမ်းကုန်ကြိုးစားအားထုတ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်သူများ ဘေးဥပဒ်အန္တရာယ်ဒုက္ခအကျပ်အတည်းတွေ့ကြုံတိုင်း မိမိပါတီ ဝင်များနှင့်လည်းကောင်း၊ ရခိုင်အကျိုးစီးပွားအတွက် ဆောင်ရွက်နေကြတဲ့ အခြားအဖွဲ့အစည်းများနှင့် လည်းကောင်း အတူတကွရှေ့တန်းက မားမားမတ်မတ်ကူညီဆောင်ရွက်ရင်း ပြည်သူနဲ့တစ်သားတည်း အစဉ်ကြိုးပမ်းဆောင်ရွက်နေတဲ့ပါတီဖြစ်ကြောင်း ပြည်သူများအသိပင် ဖြစ်ပါတယ်။ ယခု ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် ဒုက္ခရောက်နေရသည့် ပြည်သူတွေအတွက်လည်း ဥပဒေကြောင်းအရလည်းကောင်း၊ စားဝတ်နေရေးအတွက်လည်းကောင်း၊ ကူညီရေးလုပ်ငန်းတွေကို ကြိုး စားဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီးလည်း ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီဟာ ရခိုင်နှင့်ရခိုင်မျိုးနွယ်စုဝင်များအရေးနှင့် ရခိုင်ပြည်နယ်၏အရေးကိစ္စများကိုဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ် မြို့နယ်အားလုံးတွင် ရခိုင်ပြည်နယ်လွှတ်တော်တွင် (၃၃) နေရာ၊ ပြည်သူ့ လွှတ်တော်တွင် (၁၇) နေရာ၊ အမျိုးသားလွှတ်တော်တွင် (၁၂) နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော် (၁) နေရာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်းသားလူမျိုးလွှတ် တော် (၁) နေရာ၊ ငပုတောမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် (၂) နေရာ၊ ပြည်သူ့လွှတ်တော် (၁) နေရာ၊ စုစုပေါင်း (၆၇) နေရာ ဝင်ရောက်ယှဉ်ပြိုင်မှ ာဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်သူများ အခက်အခဲအကျပ်အတည်း ကြုံတိုင်း ရခိုင်အကျိုးစီးပွားအတွက် ဆောင်ရွက်နေကြသော အဖွဲ့အစည်း အများနှင့်အတူ ထိုအခက်အခဲများမှ ရုန်းထွက်နိုင်အောင် ပြည်သူနှင့် တစ်ထပ်တည်း ထာဝစဉ်ကြိုးပမ်းဆောင်ရွက်နေသည့် ပါတီဖြစ်ကြောင်း ပြည်သူများအသိပင်ဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီဟာ အနာဂတ် အမျိုးသားနိုင်ငံရေးခရီးကို လက်ဆင့်ကမ်းနိုင်အောင်လည်း ပါတီ Youth Wing ကို ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။ ပါတီညီလာခံတွင်လည်း စွမ်းဆောင်ရည်ရှိတဲ့ ပါတီလူငယ်အမျိုးသမီးများအပါအဝင် လူလတ်ပိုင်းများကို အရေးပါသည့် နေရာများကို ရွေးချယ်တာဝန်ပေးခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများတွင်လည်း လုပ်ကိုင်နိုင်စွမ်းရှိသော လူလတ်ပိုင်း လူငယ်များနှင့် အမျိုးသမီးများကိုလည်း ရွေးချယ်တာဝန်ပေးထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်သူများတစ်ရပ်လုံးဟာ ရခိုင်ကိုယ်စားပြု ပါတီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)နဲ့အတူ ရပ်တည်ခဲ့ကြတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် (၃၅)နေရာ အနိုင်ရပြီး၊ မြန်မာနိုင်ငံမှာ တတိယအနိုင်ရပါတီအဖြစ် ရပ်တည်ခဲ့သလို ၂၀၁၅ ရွေးကောက် ပွဲတွင်လည်း ရခိုင်အမျိုးသားပါတီဟာ လွှတ်တော်ကိုယ်စားလှယ် (၄၅)နေရာ အနိုင်ရခဲ့ပြီး တတိယအများဆုံး အနိုင်ရပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံတကာအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းတွေက ရခိုင်ကိုယ်စားပြုပါတီအဖြစ် အသိအမှတ်ပြုခြင်း၊ ဆက်စပ်ဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
ယခုလက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ရခိုင်ပြည်နယ် တစ်လွှား စစ်ဘေးစစ်ဒဏ်ကြောင့် လူဦးရေ (၂) သိန်းနီးပါးစစ် ဘေးသင့်ပြီး စစ်ဘေး ရှောင်စခန်းများမှာ မမျှော်မှန်းနိုင် လောက်အောင် ကြီးမားတဲ့ ဆင်းရဲ ဒုက္ခများကိုခံစားရင်းဖြစ်သလို နေထိုင်နေကြရပါတယ်။
လယ်ဧက (၂)သောင်းနီးပါးခန့် မထွန်ယက်နိုင်တဲ့အတွက် ရခိုင်ပြည် နယ် စားနပ်ရိက္ခာကဏ္ဍဟာ များစွာ အခက်အခဲနဲ့ရင်ဆိုင်ရလာနိုင်ပါတယ်။ ရာသီဥတု ပြင်းထန် ဆိုးရွားမှု၊ အထောက်အပံ့အကူအညီ နည်းပါးမှု၊ ကလေးအရွယ်များ စာပေမသင်ကြား နိုင်မှု၊ သက်ကြီးရွယ်အိုများနှင့် လူမမယ် ကလေးများ ဝေဒနာခံစားနေရမှု စတဲ့အပြစ်မဲ့အရပ်သားပြည်သူများ တွေ့ကြုံခံစားနေရတဲ့ အထွေထွေပြဿနာကို အမျိုးသားနိုင်ငံရေးပြဿနာ တစ်ခုအနေနဲ့ နိုင်ငံရေးအရ၊ ဥပဒေကြောင်းအရ လိုအပ်သလို ဖြေရှင်း ဆောင်ရွက်ရမယ့်တာဝန်ဟာ ရခိုင်အမျိုးသားပါတီရဲ့ မဖြစ်မနေ ဖြေရှင်း ဆောင်ရွက်ရမယ့် လက်ငင်းနိုင်ငံရေးတာဝန်လို့ လေးနက်စွာ ခံယူထားပါတယ်။
ဒါကြောင့် ၂၀၂၀ ခုနှစ်၊ နို၀င်ဘာလ (၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် နေသော အခက်အခဲအကျပ်အတည်းများကြားထဲက ရခိုင်အမျိုးသားရေးကို ကြံ့ကြံ့ခံရပ်တည် ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်အမျိုးသားပါတီအနိုင်ရရှိအောင် ရခိုင်ပြည်သူများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထောက်ခံအားပေးကြလိမ့်မယ်လို့ အလေးအနက်ယုံကြည်ပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား
ကျွန်တော်တို့ ရခိုင်အမျိုးသား ပါတီရဲ့ ရည်မှန်းချက် (၄) ရပ်မှာပါတဲ့ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self Determination) ရှိတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းတဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေးဆိုတဲ့ ရည်မှန်းချက်များကို ဆက်လက်ကြိုးပမ်း လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးမှာ ကျွန်တော်တို့ပါတီဟာ မိမိတို့ခိုင်ခိုင်မာမာဆုပ်ကိုင် ရပ်တည်ထားတဲ့စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စု မူစာတမ်းကို ဖတ်ကြားတင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။
ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင်များအနေဖြင့် ရခိုင်အမျိုးသားပါတီ အောင်ပွဲ ရရှိစေရန် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအား မဲပေးခြင်းဖြင့် မပြီးဆုံးသေးသော အမျိုးသားရေးတာဝန်ကို အစွမ်းကုန်သယ်ပိုးဆောင်ရွက်ပေးကြပါလို့ လေးစားစွာတိုက်တွန်းအပ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများအားလုံး ဘေးဒုက္ခအပေါင်းမှ ကင်းဝေးပြီး၊ အန္တရာယ် ခပ်သိမ်းပပျောက်ငြိမ်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်အပ်ပါတယ်။
ရခိုင်အမျိုးသားပါတီ သီချင်း (မြန်မာလို ဘာသာပြန်)
ရခိုင်ဆိုရင် ANP ရခိုင်မှန်ရင် ANP
ဘယ်သူဘာပြောပြော
ANP ဝန်းရံလေ
ရခိုင်သမိုင်းတစ်ခေတ်ကို
ပြောင်းလဲအောင်
ရင်ခုန်သံအချင်းဆက်ထားလေ
အမျိုးကိုချစ် သွေးကိုစစ်
ရခိုင်ပီပီ တာဝန်ကျေ
ဘယ်နေရာရောက်ရောက်
ကိုယ့်ရခိုင်သားကိုသာ ချစ်ပါလေ
ရင်ထဲအသည်းထဲ မဲတစ်ပြားကို
ရခိုင်ပြည်နယ်အနာဂတ်အတွက် ပေးဆပ်လေ
ရခိုင်မဲကို မကွဲစေနဲ့
တခြားတစ်ဖက်ကို မလွင့်စေနဲ့
သဇင်ပန်းပွင့်လေး မနွမ်းရအောင်
အမျိုးဂုဏ်ဆောင်လေ
ကိုယ့်အမျိုးကို စောင့်လေ
ငါတို့ခေါင်းဆောင် ငါတို့ရံမေ
ဘုံအကျိုးတစ်ရပ်ကို လှပအောင်
အရယူမယ်
အို...ရခိုင်သား အမှန်ကိုသာ စဉ်းစား
အမျိုးသားရေးကို ကြည့်
လုံခြုံငြိမ်းချမ်းရေးကို ကြည့်
တိုးတက်ရေးကို တွေး
ငါတို့မျက်ရည်မကျအောင်
ဒုက္ခနွံ မနစ်အောင်
အို...အောင်နိုင်ပါစေ ANP
သဇင်ဂုဏ်ရောင်ကို ဆောင်နိုင်စေ
ဘယ်သူကခွဲခွဲ သွေးမကွဲအောင်
ညီညာစုပေါင်းလို့ မဲပေးလေ
ရခိုင်ဆိုရင် ANP ရခိုင်မှန်ရင် ANP
ဘယ်သူဘာပြောပြော
ANP ဝန်းရံလေ
ရခိုင်သမိုင်းတစ်ခေတ်ကို
ပြောင်းလဲအောင်
ရင်ခုန်သံအချင်းဆက်ထားလေ
အမျိုးကိုချစ် သွေးကိုစစ်
ရခိုင်ပီပီ တာဝန်ကျေ
ဘယ်နေရာရောက်ရောက်
ကိုယ့်ရခိုင်သားကိုသာ ချစ်ပါလေ
ရင်ထဲအသည်းထဲ မဲတစ်ပြားကို
ရခိုင်ပြည်နယ်အနာဂတ်အတွက် ပေးဆပ်လေ
ရခိုင်မဲကို မကွဲစေနဲ့
တခြားတစ်ဖက်ကို မလွင့်စေနဲ့
သဇင်ပန်းပွင့်လေး မနွမ်းရအောင်
အမျိုးဂုဏ်ဆောင်လေ
ကိုယ့်အမျိုးကို စောင့်လေ
ရခိုင်အမျိုးသားပါတီ အတွက်လေ
ဘုံအကျိုးတစ်ရပ်ကို လှပအောင်
အရယူမယ်
အို...ရခိုင်သား အမှန်ကိုသာ စဉ်းစား
အမျိုးသားရေးကိုကြည့်
လုံခြုံငြိမ်းချမ်းရေးကိုကြည့်
တိုးတက်ရေးကိုတွေး
ငါတို့မျက်ရည်မကျအောင်
ဒုက္ခနွံမနစ်အောင်
အို...အောင်နိုင်ပါစေ ANP
သဇင်ဂုဏ်ရောင်ကိုဆောင်နိုင်စေ
ရခိုင်သား ငါတို့အသက်ဆက်နိုင်ဖို့ ရခိုင့်ပါတီ
ဘယ်သူကခွဲခွဲ သွေးမကွဲအောင်
ညီညာစုပေါင်းလို့ မဲပေးလေ
ဘယ်သူကခွဲခွဲ သွေးမကွဲအောင်
ညီညာစုပေါင်းလို့ မဲပေးလေ