Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ တတိယအကြိမ်ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ ၂၄
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာမြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့် ရှိ/မရှိစိစစ်ပြီး သက်ဆိုင်ရာမြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ အချိန်မီပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်စာအိတ်များကို စက်တင်ဘာ ၁၈ ရက်တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၄၂၆ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို စက်တင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။
ဆက်လက်စိစစ်ပြီးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၃၄၂၂ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက နိုင်ငံခြားရေးဝန်ကြီး ဌာန စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းထံသို့ ယနေ့တွင် တတိယအကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့သည်။
ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည့် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များသည် ဗန်ကောက်မြို့၊ စင်ကာပူမြို့၊ ဆိုးလ်မြို့နှင့် ကွာလာလမ်ပူမြို့တို့ရှိ မြန်မာသံရုံးများတွင် ကြိုတင်ဆန္ဒမဲပေးကြမည့် တိုင်းဒေသကြီး/ပြည်နယ်ရှစ်ခုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ထပ်မံပေးပို့ခြင်းဖြစ်ပြီး နိုင်ငံပြင်ပရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၆၄၀၃၆ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်