Skip to main content

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရဲ့ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တွေကို စာရင်းကောက်ယူ မှတ်တမ်းပြုစုထားတာ လက်ရှိမှာ နှစ်ထောင့်နှစ်ရာကျော် ရှိနေပါပြီ

 

မြန်မာပြည်သူအားလုံး မြတ်နိုးတန်ဖိုးထားရသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းဆောင်ရွက်နိုင်ခြင်းသည် မြန်မာပြည်သူများအတွက် တန်ဖိုးထားဂုဏ်ယူရသည့် သမိုင်းဝင်အောင်မြင်မှုလည်းဖြစ်သည်။ ထိုသို့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ပါဝင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ စိမ်းလန်းစိုပြည်ဥယျာဉ်၌ကျင်းပခဲ့ပြီး ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၏ စကားသံများကို ဖော်ပြအပ်ပါသည်။

ဒေါ်စန္ဒာခင်

ဥက္ကဋ္ဌ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

အတာသင်္ကြန်ဆိုတာ ကမ္ဘာကအသိအမှတ်ပြုလိုက်တဲ့ မြန်မာရဲ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေဖြစ်သွားပါပြီ။ ကျွန်မတို့နိုင်ငံက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ကမ္ဘာက အသိအမှတ်ပြုခဲ့တဲ့ ပထမဦးဆုံး အမွေအနှစ်တစ်ခုဖြစ်လာပါတယ်။ နိုင်ငံတိုင်းမှာ ယဉ်ကျေးမှုအမွေအနှစ်တွေ မြောက်မြားစွာရှိကြပါတယ်။ ဒီထဲမှာ ဒြပ်ရှိတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေရှိသလို ဒြပ်မဲ့ဆိုင်ရာယဉ်ကျေးမှုတွေရှိကြပါတယ်။ ယူနက်စကိုက နိုင်ငံအသီးသီးမှာ ဒြပ်မဲ့ယဉ်ကျေးမှုတွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီကို ၂၀၀၃ ခုနှစ်မှာ ဖွဲ့စည်းတယ်၊ မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်မှာ အဲဒီကွန်ဗင်းရှင်းကို ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကမ္ဘာ့အမွေအနှစ်ဖြစ်လာဖို့ ဦးစွာ အမျိုးသားအဆင့်အမွေအနှစ်ဖြစ်ဖို့လိုပါတယ်၊ အဖွဲ့ဝင်မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရဲ့အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တွေကို စာရင်းကောက်ယူမှတ်တမ်းပြုစုထားတာလက်ရှိမှာ နှစ်ထောင့်နှစ်ရာကျော်ရှိနေပါပြီ။ ဒီလိုအမျိုးသားအဆင့် အမွေအနှစ်များထဲက ကမ္ဘာ့အဆင့်အထိ ရရှိနိုင်တဲ့ပိုပြီး outstanding ဖြစ်တဲ့အမွေအနှစ်ကို အရင်ဆုံးရွေးချယ်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အဓိကတာဝန်ယူဆောင်ရွက်ပါတယ်။ ပြီးတော့ ယူနက်စကိုနဲ့ဆက်နွှယ်တဲ့ ပြင်သစ်နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကလည်း ယူနက်စကို သံအမတ်အဖြစ်ဆောင်ရွက်ပေးပါတယ်။ သက်ဆိုင်ရာပညာရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေအပြင် တစ်ဦးချင်းတစ်ယောက်ချင်းစီကပါ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အမွေအနှစ်အဖြစ် ဖြစ်လာတယ်။

တစ်မျိုးသားလုံးရဲ့ အမွေအနှစ်၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့အမွေအနှစ်ဖြစ်တဲ့အတွက် ဆန္ဒရှိမယ်၊ အားလုံးပူးပေါင်းပါဝင်ကြမယ်ဆိုရင် ဒီအမွေအနှစ်ဟာ ကမ္ဘာ့အမွေအနှစ် ဖြစ်လာမှာပါပဲ။ ဒီအတွက်ဆောင်ရွက်ရမယ့် အချက်တွေတော့ရှိပါတယ်။ ကမ္ဘာ့အမွေအနှစ်တစ်ခု ဖြစ်လာဖို့သူ့ရဲ့တန်ဖိုးကြီးမှုတွေ၊ သူ့ရဲ့စစ်မှန်မှုတွေ၊ သမိုင်းအစဉ်အလာတွေ၊ နိုင်ငံသားတွေရဲ့တန်ဖိုးထားမှု၊ ထိန်းသိမ်းစောင့်ရှောက်မှု ဒါတွေအားလုံးကိုစုပေါင်းပြီး စာတွဲတွေတင်ပြရပါတယ်။ ပဏာမမူကြမ်းကနေစပြီး လိုအပ်ချက်အဆင့်ဆင့်ကိုဖြတ်ကျော်ပြီး ပြည့်စုံအောင်ဆောင်ရွက်သွားရမယ်။ ဒီလိုဆောင်ရွက်ရာမှာ ဝန်ကြီးဌာနကဦးဆောင်ပြီး ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်အဖွဲ့တွေ၊ ယဉ်ကျေးမှုဆိုင်ရာ အသင်းအဖွဲ့တွေအားလုံး စုပေါင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။

အဲဒီလို စုပေါင်းအားနဲ့ အတာသင်္ကြန်ကို ၂၀၂၃ ခုနှစ် မတ်လမှာ ယူနက်စကိုကို တင်ပြခဲ့တယ်။ လိုအပ်ချက်တွေအတွက် ထပ်မံဖြည့်စွက်ဆောင်ရွက်ခဲ့ကြပါတယ်။ အတာသင်္ကြန်ဆိုတာ သမိုင်းအစဉ်အလာ ကြီးမှု၊ ခိုင်မာမှု၊ စစ်မှန်မှု၊ စုပေါင်းဆောင်ရွက်မှု၊ ချစ်ခင်ရင်းနှီးမှု၊ တန်ဖိုးထားမြတ်နိုးမှု၊ အရွယ်မရွေး၊ ကျားမမရွေး၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲမှု၊ မေတ္တာစေတနာထားမှု ကုသိုလ်ကောင်းမှု စတဲ့ဝိသေသတွေနဲ့ ပြည့်စုံတဲ့ချစ်စရာကောင်းတဲ့ ပွဲတော်တစ်ခုဖြစ်တာကြောင့် ကမ္ဘာ့အမွေအနှစ်အဖြစ် ထိုက်ထိုက်တန်တန်ရခဲ့တာဖြစ်ပါတယ်။

ဒေါ်နန်းလောဝ်ငင်း

ညွှန်ကြားရေးမှူး အမျိုးသားပြတိုက်(ရန်ကုန်) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ယဉ်ကျေးမှုမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ဒြပ်ရှိယဉ်ကျေးမှုနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတွေဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပျူမြို့ဟောင်းတွေ၊ ထိတွေ့ကိုင်တွယ်လို့ရတဲ့ပစ္စည်းတွေ၊ အရာဝတ္ထုတွေကို ဒြပ်ရှိယဉ်ကျေးမှုလို့ သတ်မှတ်ပါတယ်။ ဒြပ်မဲ့ယဉ်ကျေးမှုကတော့ ရုပ်အကောင်အထည်ဖော်ပြလို့မရတဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်။ တချို့ကစိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုလို့လည်း ပြောကြပါတယ်။ နိုင်ငံတကာမှာတော့ ဒြပ်မဲ့ယဉ်ကျေးမှုလို့ ခေါ်ကြပါတယ်။

ပညာရှင်တွေကတော့ ဒြပ်ရှိယဉ်ကျေးမှုတွေ ရှိနေရုံနဲ့ လူ့အဖွဲ့အစည်းက အရေးကြီးတယ်လို့ သတ်မှတ်ချက်မထားဘူး။ လူ့အဖွဲ့အစည်းတစ်ခု ယဉ်ကျေးတယ်၊ မယဉ်ကျေးဘူးဆိုတာ တိုင်းတာတဲ့ အခါမှာ အဓိကဒြပ်မဲ့ယဉ်ကျေးမှုက အဓိကကျပါတယ်။ ဒါကြောင့် ဒြပ်မဲ့ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ကဏ္ဍကို ပြည်သူလူထုတွေသိရှိဖို့ အမြဲတမ်း အသိပညာပေးနေတာရှိပါတယ်။

ဒြပ်ရှိယဉ်ကျေးမှုနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုရဲ့ ခြားနားချက်ကို ဒြပ်ရှိယဉ်ကျေးမှုပညာရှင်တွေက ရေးသွင်းပြီးတော့မှ ကမ္ဘာ့အမွေအနှစ်ကို တင်သွင်းရတာဖြစ်ပါတယ်။ ဒြပ်မဲ့ယဉ်ကျေးမှုကို အစိုးရအဖွဲ့က တင်သွင်းလို့မရပါဘူး။ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ အားလုံးစုပေါင်းပြီး တင်သွင်းရတာဖြစ်ပါတယ်။

ဒါကြောင့် အတာသင်္ကြန်ပွဲတော်ကို အဖွဲ့အစည်း ပေါင်းစုံအားလုံးစုပေါင်းပြီးမှ ရေးသွင်းခဲ့ပါတယ်။ ဒါလေးကတစ်ချက်ပါ။

နောက်တစ်ခုက (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ၁၉၅ နိုင်ငံမှာ တက်ရောက်သူဦးရေ ၈၀၀ ကျော်ရှိပါတယ်။ အဲဒီဒြပ်မဲ့ယဉ်ကျေးမှုညီလာခံမှာ အပိုင်းသုံးပိုင်းခွဲခြားဆုံးဖြတ်ပါတယ်။ ပထမပိုင်းကအဆောတလျင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်။ ဥပမာပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာတကယ့်ကို ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ချင်းလူမျိုးတွေရဲ့ နှာခေါင်းနဲ့ပလွေမှုတ်တဲ့ အလေ့အထမျိုးကို ယူနက်စကိုမှာ တင်သွင်းပေးတာမျိုးရှိတယ်။ ပြီးတော့ သင်္ကြန်ပွဲတော်လို အမွေအနှစ်မျိုးဖြစ်ပါတယ်။ ဒီလိုမျိုးကိုတော့ နိုင်ငံအတော်များများကလည်း တင်သွင်းကြတာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အင်မတန်ကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် နောက်နှစ်တွေမှာလည်း နှစ်စဉ်တစ်ခုတစ်ခု တင်သွင်းနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒေါက်တာလဲ့လဲ့အောင်

ညွှန်ကြားရေးမှူးအနုပညာဦးစီးဌာန သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

(၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန် ပွဲတော်စာတမ်းကို တင်လိုက်တဲ့အခါ မြန်မာ့ပြက္ခဒိန်က ကမ္ဘာနဲ့မတူပါဘူး။ တန်ခူးကနေစပြီး တပေါင်းပြီးတဲ့အခါမှာ ပြက္ခဒိန်ရဲ့အချက်အလက်တွေကိုလည်း ကြည့်ပါတယ်။ ကျွန်မတို့ရဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးကာလအချိန်က ရာသီဥတုကအလွန်ပူပါတယ်။ ရှေးယခင်ခေတ်ကတည်းက အပူကိုသက်သာအောင် နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာမပါအောင် ရေနဲ့ပက်ဖျန်းကြတယ်။

သင်္ကြန်မှာ ကျွန်မတို့ မြန်မာတွေရဲ့ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ရှင်သန်မှုတွေ၊ အများကြီးမြင်တွေ့ရတယ်။ ရေပက်ကစားရုံတင်မဟုတ်ဘဲ အတာသင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ပြီး ကမ္ဘာသူကမ္ဘာသားတွေအတွက် ကောင်းမြတ်တဲ့အစဉ်အလာတွေကို ဆောင်ကြဉ်းနိုင်ဖို့ သတ်မှတ်ရေးသွင်းခဲ့တာဖြစ်ပါတယ်။

ဒေါ်စန္ဒာခင်

ချိုကြီး၊ ဓာတ်ပုံ - သီဟ