နေပြည်တော်၊ စက်တင်ဘာ ၂၄
၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် (၉) ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) 9th ASEAN Quiz-Regional Level ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(နိုင်ငံအဆင့်) 9th ASEAN Quiz (National Level) ပြိုင်ပွဲရေးဖြေစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက online မှတစ်ဆင့် Google Classroom စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး မွန်းလွဲ ၁ နာရီတွင် Video Conferencing စနစ်ဖြင့် လူတွေ့မေးမြန်းခြင်း (Personal Interview) ကို ဆက်လက်ပြုလုပ်ရာ မြန်မာ နိုင်ငံ-အာဆီယံပြန်ကြားရေးဆပ်ကော်မတီ (SCI-Myanmar) ၏ တာဝန်ခံဌာနဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက စီစဉ်ပြုလုပ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်ကြည်ပြာ ဦးဆောင်သည့် ဒိုင်အဖွဲ့ဝင်များက ပါဝင်အကဲဖြတ် အမှတ်ပေးကြသည်။
(၉)ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(နိုင်ငံအဆင့်) အတွက် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနက ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရွေးချယ်ခဲ့သည့် ကျောင်းသူ၊ ကျောင်းသား ၃၄ ဦးအနက် ယခုနှစ် ဩဂုတ် ၂၀ ရက် တွင် Google Classroom စနစ်ဖြင့် online မှ ပထမအကြိမ် ရေးဖြေ စစ်ဆေးခဲ့စဉ် ကျောင်းသူ၊ ကျောင်းသား ၃၀ ဝင်ရောက်ဖြေဆိုခဲ့သည်။ အဆိုပါ ကျောင်းသူ၊ ကျောင်းသား ၃၀ အနက်မှ သတ်မှတ်ချိန်အတွင်း ဖြေဆိုနိုင်ပြီး အမှတ်အများဆုံးရရှိသူ ကျောင်းသူ၊ ကျောင်းသား ၁၀ ဦးအားရွေးချယ်ကာ အဆိုပါ ကျောင်းသူ၊ ကျောင်းသား ၁၀ ဦး အနက်မှ ဆန်ခါတင်အဆင့် ပြိုင်ပွဲဝင်ငါးဦး ရွေးချယ်နိုင်ရေးအတွက် ရေးဖြေ၊ နှုတ်ဖြေစစ်ဆေးမှုအား ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းဆန်ခါတင် ပြိုင်ပွဲဝင်ငါးဦးသည် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် 9th ASEAN Quiz (Regional Level)ဒေသတွင်းအဆင့်ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု၍ ယှဉ်ပြိုင်ရမည်ဖြစ်ကာ ပြိုင်ပွဲမှာ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီမှ အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသူ၊ ကျောင်းသားများအား နိုင်ငံအလိုက် သုံးဦးစီဖြင့် ဝင်ရောက် ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများ၏ အာဆီယံ ဗဟုသုတများ ပြည့်စုံကြွယ်ဝရန်၊ အာဆီယံ နိုင်ငံသားများအဖြစ် ဂုဏ်ယူတတ်စေရန်နှင့် အာဆီယံလူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် အဓိက ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အာဆီယံ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲသည် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီဖြစ်သည့် (ASEAN-COCI) ၏ စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်မှစတင်၍ နှစ်နှစ်လျှင်တစ်ကြိမ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အလှည့်ကျကျင်းပလျက်ရှိရာ ၂၀၀၂ ခုနှစ် တွင် ထိုင်းနိုင်ငံ၊ ၂၀၀၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ၂၀၀၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် လာအိုနိုင်ငံ နှင့် ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး (၁၀) ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) 10th ASEAN Quiz (Regional Level) ကို ၂၀၂၂ ခုနှစ် တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်