ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ယနေ့ကျင်းပသည့် ဆွေးနွေးပွဲ သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၆၃/၂၀၂၀) နှင့်စပ်လျဉ်းပြီး ရှင်းလင်းမည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ် ထူထောင်ရာ၌ နိုင်ငံတကာ စံချိန် စံညွှန်းနှင့် ကိုက်ညီရန် လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ လက်ရှိဖြစ်တည်နေသော နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့် အခြေအနေများနှင့် လိုက်လျောညီထွေရှိသည့် စနစ်တစ်ခုဖြစ် ရန်လိုအပ်ကြောင်း။
ထို့ကြောင့် မူပိုင်ခွင့် ဥပဒေ (၄) ရပ်ကို အကောင် အထည်ဖော်ရာတွင် ဥပဒေ တစ်ခု ပြီးမှတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့ရမည့် အခက်အခဲများကို လျော့နည်းစေနိုင်ပြီး လူ့စွမ်းအားအရင်း အမြစ်နိုင်နင်းမှုနှင့် ကြုံတွေ့ နိုင်သည့် နည်းပညာ အခက်အခဲများကို ကျော်လွှားနိုင်မှုစသည့် အကျိုးကျေးဇူးများစွာကို ရရှိစေ မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ဦးစွာအကောင်အထည်ဖော်မည်ဖြစ်ပြီး၊ ယင်း နောက် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင် ခွင့်ဥပဒေနှင့် ဒေသဆိုင်ရာ အညွှန်းအကာအကွယ်ပေးခြင်း (Geographical Indications) တို့ကို အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်မှန်းထားပါကြောင်း။
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ပထမ ဦးစွာ လက်ရှိကျင့်သုံးနေသော ဦးစွာအသုံးပြုသူကို အခွင့်အရေး ပေးသောစနစ် (First to Use System) မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေး သောစနစ် (First to File System) သို့ ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ကြောင်း၊ ထို့သို့ ကူးပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန် အတွက် ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများအား ကြိုတင်လက်ခံခြင်း ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန၏ အမိန့်အမှတ် (၆၃/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ အမိန့်စာအရ ကုန်အမှတ် တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများအား ကြိုတင်လက်ခံခြင်းများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို အများပြည်သူသိရှိနိုင်စေရန် အတွက် ယနေ့ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ ကုန်အမှတ် တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်း များကို ကြိုတင်လက်ခံမည့် စနစ်အား ရှင်းလင်းတင်ပြသွားမည် ဖြစ်သောကြောင့် တက်ရောက် လာကြသည့် ဧည့်သည်တော်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မူပိုင်ခွင့်နှင့်စပ် လျဉ်းသည့် အသုံးပြုမည့်သူများအနေဖြင့် တက်ကြွစွာပါဝင်ဆွေးနွေးပေးကြရန် ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထူး က မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်အား လက်ရှိ အချိန်ထိ ကျင့်သုံးဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မူပိုင်ခွင့်ဥပဒေ များကို နိုင်ငံတကာ၏ မူပိုင်ခွင့်ဥပဒေများ၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) ၏ လုပ်ထုံးလုပ်နည်း များစသည့် အလေ့အကျင့်ကောင်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယခင်က မြန်မာ နိုင်ငံ၏ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ (Registration Act) ဖြင့်သာ မှတ်ပုံတင်ခဲ့ရကြောင်း၊ ယခုအခါတွင် ကုန်အမှတ်တံဆိပ် မူပိုင် ခွင့်ဥပဒေ ပြဋ္ဌာန်းပြီး ဖြစ်သဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် အညီမှတ်ပုံတင်ရ တော့မည် ဖြစ်ကြောင်း။
ယခုအသုံးပြုမည့် စနစ်သည်လည်း စာရွက်စာတမ်း များဖြင့် လျောက်ထားခြင်း သာမက ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) ၏ WIPO File စနစ်ကို အသုံးပြု မည်ဖြစ်သဖြင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်စနစ်သည် ယခုကဲ့သို့သော Covid ကာလတွင် စီးပွားရေးလုပ် ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု (Ease of Doing Business) ကိုလည်း အထောက် အကူပြု စေမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းအတွက် အခကြေး ငွေများကိုလည်း ဘဏ်မှ တစ်ဆင့် Mobile Banking ဖြင့် ပေးချေနိုင်ရန် စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ မူပိုင်ခွင့် ဥပဒေများ အကောင်အထည်ဖော်ရာတွင် ကူညီပေးခဲ့သော ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)၊ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (JICA)၊ ဂျပန်မူပိုင်ခွင့်ရုံး (JPO)၊ အမေရိကန် နိုင်ငံ တကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နှင့် အမေရိကန်မူပိုင်ခွင့်ရုံး (USPTO) တို့ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရာတွင် မှတ်ပုံတင် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေ အကျိုးဆောင်အဖွဲ့ (Law Firm) များမှတစ်ဆင့် လျှောက်ထားနိုင်သကဲ့သို့ တစ်ဦးချင်းလည်း ဆောင်ရွက်နိုင်ရန် စီစဉ်ပေး မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင် များအတွက်လည်း MSME ဌာနနှင့် မူပိုင်ခွင့်ဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ရှိပြီး ဖြစ်သည့် IP Community အနေဖြင့် မူပိုင်ခွင့်ဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်း၊ သို့မှသာ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ် တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ (က)တွင် ဖော်ပြထားသည့်အတိုင်း စာချုပ် စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်များနှင့် မှတ်ပုံမတင်ထား သော်လည်း စျေးကွက်အတွင်းတွင် အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ်များသည် မူပိုင်ခွင့်ဌာနသို့ ပြန်လည်လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ ပထမအဆင့်အနေဖြင့် ကုန် အမှတ်တံဆိပ်ပိုင်ရှင်များသည် မှတ်ပုံတင်လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ်ဆောင်ရွက် နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှတစ်ဆင့် လျှောက်ထားရမည် ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် မိမိတို့ ကိုယ်တိုင် မူပိုင်ခွင့်ဌာန သို့ တိုက်ရိုက်ဖြစ်စေ၊ အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင် အဖွဲ့များမှ တစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်း၊ ပထမ အဆင့်တွင် လျှောက်ထားသူများနှင့် ဒုတိယအဆင့် တွင် လျှောက်ထားသူများအနေဖြင့် တူညီသည့် အခွင့်အရေးများကို ခံစားရမည် ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်း အပါအဝင် ယင်းနှင့်သက်ဆိုင်သည့် အခြားအခ ကြေးငွေများ၊ အဆိုပါ အခကြေးငွေများ ပေးဆောင်ရမည့် သတ်မှတ်ချက်နည်းလမ်း များကိုလည်း ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းမပြုမီ သီးခြား ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပါကြောင်း၊ ပုဒ်မခွဲ(က) နှင့်အကျုံး မဝင်သော အမှတ်တံဆိပ်များ အနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဉပဒေ အာဏာတည်ပြီး နောက် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းအား တရားဝင် စတင်လက်ခံသည့် နေ့ ရက်မှစ၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားနိုင် မည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ခန့်အပ်လွှာနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်တွင် စတင်လျှောက်ထားမည့် WIPO File စနစ်ဖြင့် လျှောက်ထားခြင်းတွင် ထည့်သွင်း ဖော်ပြရန် မလိုအပ်သေးပါကြောင်း ရှင်းလင်းပြောကြားပြီး WIPO File Account လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးသည်။
ယင်းနောက် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဥပဒေ အကျိုး ဆောင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)