Skip to main content

၆/၂၀၂၀ လအတွက် ပေးသွင်းထားသော လုပ်ခလစာ၏ ၄၀ % ကို အာမခံအလုပ်သမားနှင့် မိသားစုအတွက် ငွေကြေးထောက်ပံ့မှု ခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးသွားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် ( ၁၉၆ /  ၂၀၂၀)

၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ   ၂၄ရက်

၁။      ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း Coronavirus Disease 2019 (COVID -19) ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ၂၀-၉-၂၀၂၀ ရက်နေ့တွင် အမိန့်အမှတ်(၁၀၇/၂၀၂၀) နှင့် ၂၂-၉-၂၀၂၀ ရက်နေ့တွင် အမိန့် အမှတ် (၁၀၈/၂၀၂၀) တို့ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအမိန့်စာများပါမဖြစ်မနေဖွင့်လှစ်ရမည့် လုပ်ငန်းအမျိုးအစားများမှလွဲ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများကို လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုဘဲ မိမိနေအိမ်အတွင်းနေထိုင်ရန် (Stay at Home) အဖြစ် သတ်မှတ်ကြေညာထားပါသည်။

၂။       အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် အဆိုပါထုတ်ပြန်ချက်များအရလူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပုဂ္ဂလိ ကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအနက် Stay at Home အစီအစဉ်တွင် အကျုံးဝင်သောပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ် သမားများအတွက် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၀ ပါလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဥပဒေပုဒ်မ ၃၁ (ခ)(၂) နှင့် နည်းဥပဒေ ၁၃၆ (ခ) တို့အရ ၆/၂၀၂၀ လမတိုင်မီ  ထည့်ဝင်ကြေးငွေ အနည်းဆုံး ၃၆ လပေးသွင်းထားခြင်းမရှိစေကာမူ ၆/၂၀၂၀လအတွက် ထည့်ဝင်ကြေးပေးသွင်း ထားပြီး၂၃-၉-၂၀၂၀ ရက်နေ့အထိ အလုပ်လုပ်ကိုင်နေသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား ၆/၂၀၂၀ လအတွက် ပေးသွင်းထားသော လုပ်ခ လစာ၏ ၄၀ % ကို အာမခံအလုပ်သမားနှင့် မိသားစုအတွက် ငွေကြေးထောက်ပံ့မှုခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါသည်။

၃။      သို့ဖြစ်ပါ၍ အထက်အပိုဒ် ၂ ပါ အချက်များနှင့် ကိုက်ညီသော လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စား တာဝန်ရှိသူများသည် ၎င်းတို့၏ အလုပ်သမားများ အတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေ ရရှိနိုင်ရေး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများသို့ ဖြစ်စေ၊ Webportal -https://ssbmyanmar.org မှ ဖြစ်စေ၊ Website- https://ssb.gov.mm မှ ဖြစ်စေ ဤအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ လျှောက်ထားနိုင်ပါသည်။

၄။      အထက်ပါ ပြဋ္ဌာန်းချက်များသည် ဤအမိန့်ကြော်ငြာစာပါ ထုတ်ပြန်သည့်နေ့မှ စတင် အာဏာတည်သည်ဟု သတ်မှတ်လိုက်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန