Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြင်ဦးလွင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် ကြီးကိုင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက စာသင်ကျောင်းအတွင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရေသန့်စင်စနစ် လည်ပတ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေပြည်သူများအနေဖြင့် လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သည့် လည်ပတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကြီးကိုင်ကျေးရွာ ကျေးရွာတွင်းလမ်းဘေး ဝဲ/ယာများ၌ အုတ်စီရေမြောင်းနှင့် Slab Culvert တံတားတည်ဆောက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် သံဂဟေဆက်သင်တန်းဆင်းသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများနှင့် သင်တန်းဆင်းသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် သင်္ဂတုံကျေးရွာ၌ ပြင်ဦးလွင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းလီမိတက်၏ နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံသည်။

ထို့နောက် ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှဆောင်ရွက်နေသော ကျေးရွာငါးရွာ၊ လူဦးရေ ၃၈၀၀ ကျော်နှင့် စိုက်ဧက ၅၀၀၀ တို့ကို အကျိုးပြု ပေးလျက်ရှိသည့် ပြင်ဦးလွင် မြို့ရှောင်လမ်းမှ နောင်လှိုင်ကျေးရွာ ဆက်သွယ်သောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်