နေပြည်တော် ဒီဇင်ဘာ ၆
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်း၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လက်ရှိကာလ၌ ဥပဒေ(မူကြမ်း) စိစစ်ခြင်းလုပ်ငန်းကို မိမိတို့ဌာနတစ်ခုတည်းက ဆောင်ရွက်နေခြင်းဖြစ်၍ အားနည်းနိုင်ပါကြောင်း၊ သို့ဖြစ်၍ ဥပဒေများကို မလိုအပ်ဘဲ ဥပဒေအသစ်ပြဋ္ဌာန်းခြင်းနှင့် ပြင်ဆင်ခြင်းမဖြစ်စေရန် ယခုကဲ့သို့အပြီးသတ်ညှိနှိုင်းအစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလောက်သာ ပြင်ဆင်သင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လက်ရှိကျင့်သုံးလျက် ရှိသော ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေကို ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၃ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ ဌာနအမည်ပြောင်းလဲသဖြင့် ဝန်ကြီးဌာန၏အမည်နှင့် ဦးစီးဌာနအမည်တို့ကို ပြင်ဆင်ခြင်း၊ စီမံခန့်ခွဲရေးပြစ်ဒဏ်ချမှတ်ရာတွင် “ဒဏ်ကြေးငွေတပ်ရိုက်ခြင်း” မပါဝင်သဖြင့် ထပ်မံထည့်သွင်းခြင်းနှင့် အဆင့်ဆင့်အယူခံနိုင်ရေးအတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ခေတ်ကာလနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို ပြဋ္ဌာန်းလိုခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ယင်းဥပဒေ(မူကြမ်း)သည် ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရန်လိုအပ်သဖြင့် အဆိုပါဥပဒေ(မူကြမ်း)အား ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်