Skip to main content

တစ်နေ့လျှင် နာရီဝက် တစ်ပတ်လျှင် ငါးရက်

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံသူနိုင်ငံသားတို့၏ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ရေးမှာ အရေးကြီးသည်။ နိုင်ငံသူ နိုင်ငံသားတို့ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှသာ ကာယ၊ ဉာဏစွမ်းရည်တို့မြင့်မားပြီး နိုင်ငံကို ကောင်းစွာတည်ဆောက်နိုင်မည်ဖြစ်သလို ကောင်းစွာကာကွယ်စောင့်ရှောက်နိုင်ကြမည်လည်းဖြစ်သည်။

နိုင်ငံသူ နိုင်ငံသားတို့ ကျန်းမာကြံ့ခိုင်ရေးတွင် အခြေခံအကျဆုံးနှင့် အကောင်းဆုံးနည်းလမ်းမှာ အားကစားလှုပ်ရှားမှုများတွင် ပြည်သူတစ်ရပ်လုံးပါဝင်လာရေးဖြစ်သည်။ အားကစားသည် အားကစားသမားများနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်သူအားလုံး ပါဝင်လှုပ်ရှား ကစားခုန်စားကြခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းသည် လူထုအားကစားလှုပ်ရှားမှုပင်ဖြစ်သည်။ သို့ဖြစ်ရာ လူထုအားကစားလှုပ်ရှားမှုသည် ပြိုင်ပွဲဝင် ဆုကြေးစားအားကစားသမားများကဲ့သို့ စွမ်းရည်မြင့်မားစွာလေ့ကျင့်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ကျန်းမာရေးအတွက် ဦးတည်ကာ ပျော်ပျော်ရွှင်ရွှင် စုပေါင်းလှုပ်ရှားကြခြင်းပင်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် မိုးလေကင်းလွတ်ပြီး ရာသီဥတုအေးမြကာ ခြေခင်းလက်ခင်းသာသည့် ဒီဇင်ဘာလကို လူထုအားကစားလှုပ်ရှားမှုလအဖြစ် သတ်မှတ်၍ စုပေါင်းလမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခြင်းတို့ကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် ဆောင်ရွက်ခဲ့သည်။ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့သည် အသက်အရွယ်မရွေး၊ ကျား မ မရွေး အထူးကျွမ်းကျင်မှုမလိုဘဲ အလွယ်တကူဆောင်ရွက်နိုင်ခြင်း၊ အားကစားအထောက်အကူပစ္စည်းများ မလိုအပ်သောကြောင့် ငွေကုန်ကြေးကျသက်သာခြင်း၊ ပါဝင်ဆင်နွှဲသူအားလုံး လွတ်လပ်ပျော်ရွှင်မှု၊ ရင်းနှီးခင်မင်မှုတို့ ရရှိနိုင်ခြင်းစသည့် အားသာချက်များ၊ အကျိုးကျေးဇူးများရရှိနိုင်ပြီး အဓိကအကျိုးကျေးဇူးမှာ စိတ်ပိုင်းအရရော ရုပ်ပိုင်းအရပါ ပိုမို၍ကျန်းမာကြံ့ခိုင်လာနိုင်ခြင်းဖြစ်သည်။

ကျန်းမာရေးအထောက်အကူပြု လမ်းလျှောက်ခြင်းနှင့်စပ်လျဉ်း၍ တစ်နေ့လျှင် နာရီဝက်၊ တစ်ပတ်လျှင် ငါးရက်လမ်းလျှောက်ကြရန် ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။ လမ်းလျှောက်သည့်အခါတွင်လည်း ခြေလှမ်းကျဲကျဲနှင့် မြန်မြန်လျှောက်ခြင်းကသာ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းနိုင်သည်ဟု ဆိုသည်။ တစ်ဖန်မြေပြင်ညီလမ်းများထက် အတက်လမ်းများကို လျှောက်ခြင်းဖြင့် ကြွက်သားများကို ပိုမိုသန်မာစေကြောင်း၊ နံနက်စောစောပြင်ပတွင် လမ်းလျှောက်ကြသည့်အခါ သန့်ရှင်းသည့်လေကို ရှူရှိုက်ရခြင်း၊ သဘာဝတရားနှင့် ထိတွေ့ရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးရရှိနိုင်ကြောင်း၊ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေကြောင်း စသည်ဖြင့်လည်း ပညာရှင်တို့က ညွှန်းဆိုထားကြသည်။

ရဟန်းတော်များ စင်္ကြံလျှောက်ခြင်း၊ လူများလမ်းလျှောက်ခြင်းအားဖြင့် ရရှိအပ်သောအကျိုးများမှာ “ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးပါးရှိ၊ များ၏စင်္ကြံအကျိုးတည်း”ဟူ၍ ဗုဒ္ဓဘုရားရှင်က လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်ကပင် ဟောကြားတော်မူခဲ့ရာ လမ်းလျှောက်ခြင်းသည် မဖြစ်မနေပြုလုပ်အပ်သော အရာဟုပင် ဆိုရမည်ဖြစ်သည်။ မြို့ပြနေပြည်သူများအပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွင်း ပြောင်းလဲလာသည့် လူနေမှုပုံစံများအလျောက် ကိုယ်လက်လှုပ်ရှားမှုများ နည်းပါးလာကြရာ ရောဂါအမျိုးမျိုးတို့ ထူပြောလာကြသည်။ မကူးစက်တတ်သော ရောဂါများအဖြစ်များလာပြီး ယင်းရောဂါများကြောင့် အချိန်မတိုင်မှ ဘဝနိဂုံးချုပ်ကြရသည်။ သွေးတိုး၊ ဆီးချို၊ နှလုံး သွေးကြောကျဉ်းအစရှိသော ရောဂါများ၏ ဖိစီးနှိပ်စက်မှုမှကင်းဝေးရန်၊ ညောင်းညာကိုက်ခဲမှုနှင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုတို့ ကောင်းမွန်စေရန်၊ ကိုယ်တွင်းမှအညစ်အကြေးများ ကင်းစင်စေရန် လူတိုင်းကိုယ်စီကျန်းမာရေးအတွက် လမ်းမှန်မှန်လျှောက်ကြစေရေး အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။