လားရှိုး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ယနေ့နံနက် (၈)နာရီအချိန် က စတင်၍ နိုင်ငံတော်မှထောက်ပံ့ပေးသော အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းမှ တတိယအကြိမ်ငွေသားထောက်ပံ့ပေးခြင်းကို လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းတွင် လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော စဉ့်အင်ကျေးရွာမှ အိမ်ထောင်စု (၇၁)စုအတွက် ငွေကျပ်(၁၄၂၀၀၀၀)ကျပ်၊ ပုန်းထွန်ကျေးရွာမှ အိမ်ထောင်စု(၄၈)စုတို့အတွက် ငွေကျပ် (၉၆၀၀၀၀)ကျပ်၊ ခါးသျှိကျေးရွာမှ အိမ်ထောင်စု (၉၈)စုတို့ အတွက်ငွေကျပ် (၁၉၆၀၀၀၀)ကျပ်၊ မန်ပျဉ်ကျေးရွာမှ အိမ်ထောင်စု (၁၂၃)စုတို့အတွက် ငွေကျပ် (၂၄၆၀၀၀၀)ကျပ်၊ နမ့်ပေါင်ကျေးရွာမှ အိမ်ထောင်စု (၂၃၅)စုတို့အတွက် (၄၇၀၀၀၀၀)ကျပ်၊ နမ္မဗေါဒကျေးရွာမှ အိမ်ထောင်စု (၁၀၉)စုတို့အတွက် (၂၁၈၀၀၀၀)ကျပ်၊ နောင်မွန်ကျေးရွာအုပ်စုမှ အိမ်ထောင်စု (၃၆၂)စုတို့အတွက် (၇၂၄၀၀၀၀)ကျပ်၊ ခေးနင်းကျေးရွာမှအိမ်ထောင်စု (၇၉)စု တို့အတွက် (၁၅၈၀၀၀၀)ကျပ်တို့အား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၂၂၅၀၀၀၀၀)ကျပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ပေးအပ်ခဲ့ပြီးနောက် အဆိုပါကျေးရွာများအတွက်လည်း Masksနှင့် Hand Gel များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)